ထိုင်းကျောင်းတိုက်တခုတွင် သံဃာအားလုံး မူးယစ်ဆေးသုံးထားကြောင်း စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံမြောက်ပိုင်း ဖစ်ချ်ဘွန်းခရိုင် ဘင်ဆမ်ဖန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ ကျောင်းထိုင်ကိုယ်တော်အပါအဝင် သံဃာအားလုံး မူးယစ်ဆေးသုံးထားတာကို စစ်ဆေးတွေ့ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖစ်ချ်ဘွန်းခရိုင် ဘင်ဆမ်ဖန်းမြို့နယ်က မူးယစ်ဆေးနှိမ်နင်းရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က စက်ရုံအလုပ်ရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စတဲ့နေရာတွေ လိုက်လံစစ်ဆေးရင်း ဘုန်းကြီးကျောင်းတကျောင်းက ကျောင်းထိုင်ကိုယ်တော်နဲ့ သံဃာတွေကို ဆီးစစ်ရာမှာ အားလုံးခရမ်းရောင်တွေ ထွက်ရှိတယ်လို့ ဆိုပါတယ်။
ကိုယ်တော် ၁ ပါးက မူးယစ်ဆေးသုံးတယ်ဆိုတာ ဝန်ခံကြောင်း၊ ဒါပေမဲ့ နေ့တိုင်းသုံးတာမဟုတ်ဘဲ ကြာကြာနေမှ တခါသုံးကြောင်း တာဝန်ရှိသူတွေအနေနဲ့ လာစစ်မယ်ဆို ကြိုတင်အကြောင်းကြားသင့်တယ်လို့ သတင်းထောက်ကို ပြောပါတယ်။
အဆိုပါကျောင်းမှာ သံဃာစုစုပေါင်း ၄ ပါးရှိပြီး ဝါတော် ၄ ဝါမှ ၁၀ ဝါထိရှိပါတယ်။ ဆီး စစ်ချက် အဖြေထွက်ပြီးတဲ့နောက် ကျောင်းထိုင်ကိုယ်တော် ပျောက်ဆုံးနေပြီး ကျန်တဲ့ သံဃာ ၃ ပါးကို လူ ဝတ်လဲစေကာ မူးယစ်ဆေးဖြတ်ဂေဟာကို ပို့ဆောင်မယ်လို့ မြို့နယ်မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
ကျောင်းထိုင် အပါအဝင် သံယာတွေ ဘယ်လိုမူးယစ်ဆေးမျိုး သုံးစွဲတယ်ဆိုတာတော့ သတင်းမှာ မဖော်ပြထားပါဘူး။
ထိုင်းမှာ မူကြိုကျောင်းပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် မူးယစ်ဆေးဝါးကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို စီမံချက်တရပ်အနေနဲ့ ဆောင်ရွက်နေပြီး ရပ်ရွာတိုင်းမှာ ကော်မတီဖွဲ့ကာ မူးယစ်ဆေး သုံးစွဲရောင်းဝယ်မှုတွေ စစ်ဆေးနေတာပါ။
ကိုးကား - thairath news