close

မြန်မာဖရဲနှင့် သခွားမွှေး ဈေးနှုန်းကျပြီး တရုတ်နိုင်ငံဘက်တင်ပို့မှု လျော့နည်းကျဆင်းလာ

Photo Crd - Th R M, ခွာညို

တရုတ်-မြန်မာနယ်စပ် မူဆယ်သစ်သီးဝလံဈေးကွက်မှာ ဒေသထွက် ဖရဲသီးနဲ့ သခွားမွှေး သစ်သီးဈေးနှုန်းတွေဟာ ဈေးကျနေတဲ့အပြင် ကုန်စီးဆင်းမှုကလည်း အရင်ထက်စာရင် များစွာ လျှော့ကျလာတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်တွေက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါဖြစ်ပွားမှု ပြန်လည်မြှင့်တက်လာတဲ့အတွက် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ တကျော့ပြန် ကန့်သတ်ထိန်းချုပ်မှုတွေ ရှိလာတာကြောင့် ဒေသထွက် ဖရဲနဲ့ သခွားမွှေး သစ်သီးဈေးနှုန်းတွေဟာ အရင်အခြေအနေနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါး ဈေးကျလာပြီး မြန်မာကုန်သည်တွေ အခက်ကြုံနေရပါတယ်။

မူဆယ်ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်တဦးက “သစ်သီးဈေးနှုန်းတွေ ကျနေတယ်။ ဘယ်လောက်ထိ ကျသွားလဲဆိုရင် ဖရဲက ၁ ကီလိုကို ၁ ဒသမ ၅ ယွမ်၊ သခွားမွှေးက ၁ ကီလိုကို ၂ ဒသမ ၅ ယွမ်ပဲ ရှိတော့တယ်။ ၁ တန်ဈေးနဲ့ဆိုရင် ဖရဲက ၁ တန်ကို ဒေါ်လာ ၁,၂၀၀ သာရှိပြီး သခွားမွှေးက ၁ တန်ကို ဒေါ်လာ ၂,၅၀၀ ပဲ ရှိတယ်။ ပုံမှန်ဆို ဒီလိုကာလမျိုးမှာ ဖရဲက ၁ တန်ကို ဒေါ်လာ ၃,၀၀၀ ဝန်းကျင်ရှိပြီး သခွားမွှေးက ၁ တန်ကို ဒေါ်လာ ၅,၀၀၀ ရတာနော်။ အခုတော့ ဈေးကွက်က ပျက်သလောက်နီးနီး ဖြစ်နေပြီ။ တရုတ်ပြည်က ဝယ်လက်တွေလည်း လာတော့လာကြတယ်။ ဒါပေမဲ့ သူတို့ဘက်မှာ ကိုဗစ်ပြန်ဖြစ်နေတော့ မြို့တွေ တော်တော်များများမှာ Lock down တွေ ပြန်ဖြစ်နေကြတယ်လေ။ ဒါကြောင့် သူတို့လည်း ဝယ်ပြီး ပြန်ပို့ဖို့က ခက်နေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်စည်ပို့ဆောင်တဲ့ လမ်းကြောင်းတလျှောက်မှာ ပို့ဆောင်ရေးစရိတ်တွေက အရင်ကထက် ပိုမိုကုန်ကျလာတဲ့အပြင် တရုတ်ပြည်မှာ တကျော့ပြန် ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့်လည်း မြန်မာ့သစ်သီးဝလံဈေးနှုန်းဟာ ကျဆင်းနေပါတယ်။ ဒီသက်ရောက်မှုဆိုးကျိုးတွေကို ပြည်တွင်းက သစ်သီးဝလံလုပ်ငန်းရှင်တွေ ကြိတ်ခံနေရတယ်လို့ သစ်သီးဝလံပွဲရုံ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ပွဲရုံလုပ်ငန်းပိုင်ရှင်တဦးက “ကုန်သည်တွေအနေနဲ့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ဒီဘက်မှာလည်း ကုန်ကျစရိတ်က နည်းမှမနည်းတာ။ ဘာလို့လဲဆို ဒီဘက်မှာ ဖွင့်ပြောလို့မရတဲ့ ပေးရတဲ့ပိုက်ဆံ ကုန်ကျစရိတ်ကလည်း ရှိနေတာနော်။ ပြီးတော့ ခါတိုင်းဆိုရင် ဒီအချိန်က သစ်သီးပို့တဲ့ကားက ရာနဲ့ချီရှိတာ။ ဒါပေမဲ့ အခုတော့ တနေ့ကို ကားအစီးရေ ၂၀ နီးနီးပဲ အဝင်ရှိတော့တယ်။ ဒါလည်း ရှမ်းသီးတွေလောက်ပဲ အဝင်ရှိတာ ဆိုပေမဲ့ အခြေအနေကြည့်ပြီး ဝင်နေကြတာ။ တချို့ပွဲရုံတွေဆို မဝင်ကြသေးဘူး။ စောင့်ကြည့်နေတုန်း။ ဝင်တဲ့ကားတွေကလည်း အကုန်မရောင်းရဘူး။ ဘာလို့လဲဆို တရုတ်ပြည်မှာလည်း တကျော့ပြန် Lock down တွေဖြစ်နေတဲ့အပြင် သူတို့ဆီမှာ ဆန္ဒပြပွဲတွေက ရှိနေတော့ သစ်သီးပို့ဆောင်ရေးက လက်ရှိအခြေအနေမှာတော့ မကောင်းဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါကျရောက်မှု မတိုင်ခင်ကာလက တရုတ်နိုင်ငံဆီ ဒေသထွက် ဖရဲနဲ့ သခွားမွှေး သစ်သီးဝလံတင်ပို့မှုက တန်ချိန် ၁ သန်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။

သစ်သီးဝလံတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ရရှိခဲ့ပေမဲ့ ကိုဗစ် ဖြစ်ပြီးနောက် မြန်မာ့သစ်သီးဝလံတင်ပို့မှုက ‌ေလျာ့ကျသွားခဲ့ရာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အောက်အထိ ကျဆင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up