ထိုင်းတွင် ဥပဒေမဲ့လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁ ဦး ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ ကေတီဗွီ၊ နိုက်ကလပ် အပါအဝင် တခြားဥပဒေမဲ့လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို လိုက်လံဖမ်းဆီးအရေးယူနေရာမှာ နိုဝင်ဘာ ၃၀ ရက်က နောက်ထပ်အရေးပါတဲ့ ဝရမ်းပြေး ၁ ဦးကို ဖမ်းဆီးရမိပြီလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။
ခုတခေါက်မှာ ဘန်ကောက်၊ ဖူးကက်၊ စမွတ်ပရကန်၊ ချွန်းပူးရီး၊ ပရကျုပ်ခီရီခန်၊ နခွန်းဆီထမရတ်၊ ပထုန်ဌာနီ၊ အယုဒ္ဓယ အစရှိတဲ့ ခရိုင်ပေါင်း ၈ ခုက နေရာပေါင်း ၃၄ နေရာကို သွားရောက်စစ်ဆေးပြီး ဥပဒေမဲ့လုပ်ငန်းနဲ့ ပတ်သက်နေသူ သံသယရှိသူ အယောက် ၉၀ ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီထဲမှာ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဝရမ်းပြေး နိုင်းတိုနီယိပ် ခေါ် ချိန်ကျောက်ဟွီ (၅၂ နှစ်) ကိုလည်း ဘန်ကောက် ဖလမ်းကောက်နယ်မြေရှိ ကွန်ဒိုတိုက်ခန်းတခုမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်းတိုနီဟာ Space Plus Pub နိုက်ကလပ်ပိုင်ရှင်ဖြစ်ပြီး ကိုယ်ပိုင်လေယာဉ်ပျံ ၁ စီး၊ အဝေးပြေးဘတ်စ်ကား အစီးပေါင်း ၈၀၊ ဘတ်သန်းပေါင်းရာနဲ့ချီတန်ပေမဲ့ ဘတ်သန်းပေါင်း ၅၀ ကုန်ကျစရိတ်သာတင်ထားတဲ့ ဟိုတယ်တွေ ပိုင်ဆိုင်ကြောင်း၊ ဘတ်သန်းပေါင်း ၁,၀၀၀ ကျော်တန် သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ရဲကသိမ်းဆည်းထားပြီး ပရကျုပ်ခီရီခန်ခရိုင် ဟွာဟင်မြို့ ဘော်ဖိုက်လေယာဉ်ကွင်းမှာ ရပ်နားထားတဲ့ လေယာဉ်ပျံကိုလည်း သွားသိမ်းဖို့ရှိတယ်လို့ ဒုရဲချုပ်က ပြောပါတယ်။
လေယာဉ်ပျံကိုအသုံးပြုပြီး မူးယစ်ဆေးဝါး သယ်ဆောင်မှုရှိမရှိ အနံ့ခံခွေးတွေနဲ့ စစ်ဆေးပြီး ဘယ်သူတွေက အဲဒီလေယာဉ်ကို စီးခဲ့သလဲဆိုတာတွေကိုသိဖို့ DNA စနစ်နဲ့ပါ စစ်ဆေးမယ်လို့ ဆိုပါတယ်။
အဲဒီနေ့က နိုင်းတိုနီအပြင် Space Plus Pub နိုက်ကလပ်ရဲ့ မန်နေဂျာ ထိုင်းအမျိုးသား နိုင်းနွဲ့ ဆိုသူလည်း အဖမ်းခံခဲ့ရပါတယ်။ နောက်ထပ် ဆက်စပ်နေသူတွေရဲ့ အမည်စာရင်းတွေ ထွက်ပေါ်လာဦးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ဘန်ကောက် ယန်နာဝါနယ်မြေရှိ ကေတီဗွီဇုန်တခုမှာ တရုတ်နိုင်ငံသား ၂၆၀ ကျော်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတဲ့နောက် ကွင်းဆက်တွေ ဆက်လက် စုံစမ်းဖော်ထုတ်နေရာမှာ ထိုင်းနိုင်ငံထဲမှာ ဥပဒေမဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်သူဌေးကြီး ၅ ယောက် ဖမ်းဝရမ်းထုတ်ခံခဲ့ရပါတယ်။
အဆိုပါ ၅ ဦးမှာ ဘန်ကောက် ယန်နာဝါနယ်မြေရှိ ကျင့်လိန်ကေတီဗွီဆိုင်ပိုင်ရှင် တုဟောင်၊ စမွတ်ပရကန်ရှိ Space Plus Pub ပိုင်ရှင် နိုင်းတိုနီ၊ ပတ္တယားကမ်းခြေရှိ ကလင်ဝမ် ကေတီဗွီဆိုင်ရှင် ယူချန်းဖွေ၊ ဘန်ကောက် Baby Face Pub ပိုင်ရှင် ဒေးဗစ်နဲ့ Top One Pub ပိုင်ရှင် နိုင်းမိင် ဆိုသူတို့ ဖြစ်ပါတယ်။
၅ ဦးထဲက စုစုပေါင်း ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပြီး နိုင်းမိင် ဆိုသူကတော့ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားခဲ့ပြီဖြစ်လို့ သူ့ကို စုံစမ်းဖမ်းဆီးပေးဖို့ အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့ထံ အကြောင်းကြားထားပါတယ်။
အဆိုပါ တရုတ်လုပ်ငန်းရှင် ၅ ဦးမှာ ဘတ်သန်းပေါင်းထောင်ချီ ချမ်းသာတဲ့ သူဌေးတွေဖြစ်ပြီး ထိုင်းနိုင်ငံရေးသမားတွေ၊ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူ၊ ထိုင်းမှတ်ပုံတင်အတု ကိုင်ဆောင်သူတွေပါ ပါဝင်တာကြောင့် သူတို့ကို ပံ့ပိုးကူညီနေတဲ့ ထိုင်းအစိုးရဝန်ထမ်းတွေ၊ ပိုင်ဆိုင်မှုအမည်ခံ ထိုင်းလူမျိုးတွေပါ စစ်ဆေး အရေးယူခံနေရပါတယ်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ နေထိုင်လာခဲ့ပြီး ဒီလပိုင်းကျမှ အစုလိုက်အပြုံလိုက် စစ်ဆေးဖမ်းဆီးခံနေရတာဟာ နိုင်ငံရေးနဲ့ ပတ်သက်နေသလားလို့ သတင်းထောက်တွေက မေးရာမှာ ဒုရဲချုပ် ဆူရချေ့က နိုင်ငံရေးနဲ့ မပတ်သက်ဘဲ တာဝန်အရ ဒုစရိုက်နှိမ်နင်းရေး ဆောင်ရွက်နေခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီအမှုတွဲကြီးရဲ့ အစကတော့ ကျင့်လင် ကေတီဗွီမှာ တရုတ်မိန်းကလေး ၁ ဦး မူးယစ်ဆေး အသုံးလွန် ရှော့ခ်ဖြစ်ပြီး သေဆုံးသွားကာ အလောင်းဖျောက်ဖျက်ခံရတဲ့အမှု လအတန်ကြာခဲ့ပေမဲ့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဘာမှ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ တရုတ်သံရုံးက တိုင်ကြားလာတဲ့အတွက် အဆိုပါ ကေတီဗွီကို ဝင်စစ်ရာကနေ ဥပဒေချိုးဖောက်မှုတွေ တခုပြီးတခု ပေါ်လာတာပါ။
ပါဝင်ပတ်သက်သူတွေ ဘာကြောင့်ဖမ်းရသလဲ၊ ဘာကြောင့်မဖမ်းသလဲဆိုတဲ့ ပြည်သူတွေရဲ့ သံသယကို ရှင်းလင်းသွားအောင် ဆောင်ရွက်ပေးရမှာ ရဲတပ်ဖွဲ့ရဲ့တာဝန်ဖြစ်တယ်လို့ ဒုရဲချုပ်က ပြောသွားပါတယ်။