close

စစ်တွေ-ပုဏ္ဏားကျွန်း လမ်းပိုင်း ပြန်ဖွင့်

စစ်ကောင်စီရဲ့ ရိက္ခာတင်ယာဥ်တစ်စီးကို အေအေက သိမ်းပိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၀ ရက်နေ့က သွားလာခွင့်ပိတ်ပင်ထားတဲ့ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်းကို ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည်ပိုင်းက ပြန်သွားလာခွင့်ပြုလိုက်ပြီလို့ ပုဏ္ဏားကျွန်း မြို့ခံတွေက ပြောပါတယ်။

စစ်တွေ- ပုဏ္ဏားကျွန်း လမ်းပိုင်း ဒီနေ့ နေ့လယ် ၂ နာရီကတည်းက ပြန်ဖွင့်ပေးလိုက်တာလို့ ပုဏ္ဏားကျွန်းမြို့ခံတဦးက ပြောပါတယ်။

"ဂိတ်တွေကိုတော့ နေ့လယ် ၂ နာရီလောက်ကတည်းက ဖွင့်ပေးလိုက်တယ်လို့ သိရတယ်။ အခုတော့ သွားလာမှုတွေက ပုံမှန်တော့ ရှိနေကြပါပြီ။ မနက်ဖြန်ဆိုတော့ စစ်တွေနဲ့ တခြားမြို့တွေကို ဒီကားလမ်းအတိုင်း သွားကြတော့မှာထင်တယ်။ ဒီနေ့ကတော့ နေလယ်ပိုင်းမှ ဆိုတော့ အသွားအလာက ပုဏ္ဏားကျွန်းမြို့သားတွေပဲ ရှိကြသေးတယ်။ လမ်းဖွင့်လိုက်တော့ လမ်းပန်းဆက်သွယ်ရေးအတွက် ကောင်းသွားတာပေါ့။ လမ်းပိတ်ထားတုန်းက စစ်တွေတခေါက်သွားဖို့အတွက် ဘုတ်တွေနဲ့သွားကြရတယ်။ ကုန်တွေကိုလည်း ဘုတ်တွေနဲ့ပဲ တင်ရကြတယ်။ အခုတော့ ကားတွေနဲ့ လွတ်လွတ်လပ်လပ်သွားလို့ရပြီးပေါ့။"

စစ်တွေ- ပုဏ္ဏားကျွန်းကားလမ်းပိုင်းကို ရက်ရှည်ကြာပိတ်ထားခဲ့တာကြောင့် ကုန်တင်ကားတွေပေါ်မှာ ပါလာတဲ့ ကုန်စိမ်းတွေနဲ့ ငါးတွေရဲ့ ကာလတန်ဖိုး သိန်းရာနဲ့ချီ ဆုံးရှုံးခဲ့ကြတယ်လို့ ယာဥ်မောင်းတွေက ပြောပါတယ်။

စစ်တွေ - ပုဏ္ဏားကျွန်း ကားလမ်းကို ပိတ်ထားခဲ့တာကြောင့် ရခိုင်နဲ့ ပြည်မဘက်ကို ပြေးဆွဲနေကြရတဲ့ ခရီးသယ်တင်ယာဥ်တွေလည်း ရပ်နားနေခဲ့ကြရပါတယ်။

စစ်တွေ- ပုဏ္ဏားကျွန်းလမ်းပိုင်းကို စစ်တွေမြို့ဘက်က တပ်ထိပ်ဂိတ်မှ ပိတ်ထားခဲ့တာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့မှာတော့ မြို့မရဲစခန်းရှေ့က ပိတ်ထားခဲ့တာပါ။

စစ်တွေဘက်က တပ်ထိန်းဂိတ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ပါဒလိတ်ကျေးရွာအထိ ဖွင့်ပေးခဲ့ပြီး ပုဏ္ဏားကျွန်းဘက်မှ ဂိတ်ကို ဒီနေ့မှ ပြန်လည်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ အေအေ တို့ နိုဝင်ဘာ ၂၆ ရက်နေ့ကတည်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲလိုက်ပြီးနောက် စစ်ကောင်စီက ပိတ်ပင်ထားတဲ့ ကုန်းလမ်းရေလမ်းတွေကို ပြန်လည်ဖွင့်ပေးနေတာလည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up