ရုရှားဒုံးကျည်ပစ်ခတ်မှုကြောင့် ယူကရိန်းနေအိမ်များ ပျက်စီးပြီး လူ ၂ ဦး သေဆုံး

ရုရှားဒုံးကျည်တွေဟာ ယူကရိန်းတောင်ပိုင်း ဇာပိုရစ်ချ်ဇီယာဒေသရှိ လူနေအိမ် အဆောက်အအုံတွေကို ဒီဇင်ဘာ ၅ ရက်က ကျရောက်ထိမှန်ခဲ့ပြီး နေအိမ်အများအပြား ပျက်စီးသွားကာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်း အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
ဇာပိုရစ်ချ်ဇီယာမြို့မှ အရှေ့ဘက် ၂၅ ကီလိုမီတာအကွာရှိ နိုဗိုဆို ဖိဗ်ကာရွာမှာ ပျက်စီးနေတဲ့ ကားတစီးဘေးမှာ စောင်တွေနဲ့ ဖုံးအုပ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းကို ရိုက်တာသတင်းမှာ ပြသခဲ့ပါတယ်။
ပျက်စီးနေတဲ့ နေအိမ်တွေနဲ့ တွင်းချိုင့်ကြီးကို တွေ့မြင်ရပြီး ရဲတပ်ဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ရောက်ရှိ ကုသပေးနေပါတယ်။
အသက် ၆၂ နှစ်အရွယ် ရွာခံအဘွား အိုလ်ဂါ ထရိုရှီနာက သူ့အိမ်နီးချင်းဟာ သူ့ရဲ့သားနဲ့ ချွေးမဖြစ်သူကို နှုတ်ဆက်နေတုန်း သေဆုံးသွားတာဖြစ်ကြောင်း ရိုက်တာကို ပြောပြပါတယ်။
“ဘယ်မှလည်း သွားစရာနေရာမရှိဘဲ လုပ်စရာတွေ အများကြီးရှိနေသေးပြီး ဆောင်းဝင်တော့မယ်။ နွေဦး ဒါမှမဟုတ် နွေရာသီဖြစ်ရင် ကောင်းမယ်။ ပူနွေးတဲ့ရာသီဖြစ်ရင် တခုခုလုပ်လို့ရတယ်။ အခုတော့ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး” လို့ အဘွား အိုလ်ဂါက ပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းနိုင်ငံတဝန်း အပူချိန် သုညအောက် ပြင်းထန်စွာ အေးခဲနေတဲ့ အမှောင်ထုထဲကို ပြန်ပြီးကျဆင်းသွားခဲ့ရပါတယ်။
ဒါပေမဲ့ သူ့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပျက်စီးဆုံးရှုံးမှုကို ကန့်သတ်ထားကြောင်း ကိယက်ဗ်က ပြောပါတယ်။