close

သေဒဏ်ချမှတ်သည့်အပေါ် ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ် ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို  သေဒဏ်ချမှတ်တာနဲ့ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတခု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ဆာလာရမြို့ရှိ  မဟီဒေါတက္ကသိုလ်မှာ ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သွားပါတယ်။

ဒီလှုပ်ရှားမှုမှာ မြန်မာနိုင်ငံကနေ ကျောင်းလာတက်ကြတဲ့ ကျောင်းသားတွေတင်မက ထိုင်း၊ ၊ဂျပန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဗီယက်နန်၊ အင်ဒိနီးရှားနဲ့ နီပေါနိုင်ငံတို့က ကျောင်းသူကျောင်းသား တွေအပါအဝင်  အယောက် ၅၀ ကျော် လောက် က မြန်မာကျောင်းသားတွေနဲ့ တွဲပြီး ကျောင်းဝင်းထဲမှာ အတူတကွ ဆိုင်းဘုတ်တွေကိုင်ကာ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဒီလှုပ်ရှားမှုမှာပါဝင်သူတဦးက “မြန်မာစစ်ကောင်စီရဲ့ ဆိုးဝါးရက်စက်မှုတွေနဲ့ ကျောင်းသားတွေကို အခုလိုသေဒဏ်ပေးနေ တယ်ဆိုတာကို နိုင်ငံတကာ ကျောင်းသားတွေသိစေဖို့၊ နိုင်ငံတကာကသိစေဖို့ အတွက်အခုလို နေ့လယ်ပိုင်း၊ ထမင်းစားချိန်မှာလုပ်ကြတာပါ၊ ထမင်းစားချိန်ဆိုတော့ ကျောင်းသားအများစုလည်း ပါလို့ရတယ်လေ”လို့ ပြောပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူတယောက်က “ကျောင်းအာဏာပိုင်ကတော့ ပထမပိုင်းမှာ စုရပ်လုပ်ထားတဲ့နေရာကိုလာပြီး ခွင့်ပြုမိန့်တင်ဖို့လာပြောတာလောက်တော့ရှိတယ်။ ဒါပေမဲ့ ဘာမှ နှောင့်ယှက်ဟန့်တားတာတော့မရှိပါဘူး။ အားလုံးက ပိုစတာတွေကိုင်ပြီး ငြိမ်သက်စွာနဲ့ပဲ တောင်းဆို ကြပြီးး ကျနော်တို့အထဲက တယောက်ကတော့ မိန့်ခွန်းပြောသလိုမျိုးလောက်ပဲ လုပ်ခဲ့ပြီး၊ အေးချမ်းစွာနဲ့ဆန္ဒပြသခဲ့ကြတာပါ၊ နောက် စစ်ကောင်စီက ရပ်တံ့မသွားဘူးဆိုရင်လည်း ဒီထက်ပိုပြီးထိရောက်အောင် UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထိကိုပါ စာရေးပြီး ပို့ဖို့တွေအထိ ဆက်လုပ်သွားဖို့ အခုညှိနှိုင်းနေတယ်”လို့ ပြောပါတယ်။

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ စစ်ကောင်စီက  သေဒဏ်ချမှတ်ခဲ့တာပါ။

အခုလို ကျောင်းသားတွေကို သေဒဏ်ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NUG အစိုးရ အပါအဝင် အဖွဲ့အစည်း အသီးသီးနဲ့ ပြည်တွင်းပြည်ပမှာ ဆန့်ကျင်ကန့်ကွက်နေကြသလို  လူမှုကွန်ရက်တွေ ပေါ်မှာလည်း သေဒဏ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၃၀ ကျော် ရှိနေပြီး၊ လတ်တလော စစ်ကောင်စီက  ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up