အီရတ်လုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြပွဲကို ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်လူစုခွဲ

အီရတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို လူစုခွဲဖို့ ကျည်ဆန်အစစ်တွေကို အသုံးပြုလာပြီးနောက်မှာ ဒီဇင်ဘာ ၇ ရက်က တောင်ပိုင်းရှိ နက်ဆီရီယာမြို့မှာ ဆန္ဒပြသူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ဆေးဖက်ဝန်ထမ်း သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို တံတားတွေနဲ့ ဗဟိုရင်ပြင်ကနေ ဝေးရာကို ရွှေ့ဖို့ ကြိုးစားတဲ့အခါ အဓိကအားဖြင့် ကျည်ဆန်အစစ်တွေကြောင့် ဆန္ဒပြသူ ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့လို့ အနည်းဆုံး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာ လူအုပ်စုက ဆေးရုံရဲ့ရေခဲတိုက်အပြင်ဘက်မှာ စုရုံးလာကြပြီး အလောင်းနှစ်လောင်းကို ပြန်ပေးဖို့ တောင်းဆိုခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။
အဓိကအားဖြင့် ရှီးယိုက်တွေရဲ့ မြို့ဖြစ်တဲ့ နက်ဆီရီယာမှာ တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားတဲ့ လတ်တလော ဖမ်းဆီးခံရမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေမှာ လူ ၃ ထောင်လောက် ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
အောက်တိုဘာလက ၀န်ကြီးချုပ် မိုဟာမက် ရှီယာအလ်ဆူဒါနီက အစိုးရသစ် ဖွဲ့ပြီးနောက်ပိုင်း အခုလို လူအသေအပျောက်များတဲ့ ဆန္ဒပြပွဲ ပထမဆုံးဖြစ်ပွားခဲ့တာပါ။