ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားပစ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံး

ယူကရိန်းအရှေ့ပိုင်းရှိ ကူရာကော့ဗ်မြို့မှာ ရုရှားရဲ့ပစ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးက ဒီဇင်ဘာ ၇ ရက်မှာ ပြောကြားပါတယ်။
“စျေးထဲမှာ၊ စပါးဂိုဒေါင်၊၊ ဓာတ်ဆီဆိုင်၊ ဘတ်စ်ကားမှတ်တိုင်နဲ့ လူနေအဆောက်အအုံတစ်ခုပေါ်တွေကို ကျရောက်တာဖြစ်ပြီး အခုချိန်မှာ သေဆုံးသူစာရင်းမှာ ၁၀ ယောက်ရှိကာ ဒဏ်ရာရသူ အများအပြားရှိနေတယ်”လို့ ဇီလန်စကီး က ဆက်ပြောပါတယ်။
ဒီမြို့ကို တိုက်ခိုက်မှုဟာ အလွန်ပြင်းထန်ပြီး လုံးဝကြိုတင်စီစဉ်ပြီးမှ လုပ်တာလို့ ဆိုပါတယ်။ သေဆုံးသူတွေဟာ ငြိမ်းချမ်းတဲ့လူတွေ၊ ရိုးရိုးသာမန်လူတွေပဲလို့ ဇီလန်စကီးက သူ့ရဲ့ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
ဇီလန်စကီးရဲ့ ရုံးလက်ထောက်အကြီးအကဲ ကီရီလို တိုင်မိုရှန်ကိုက တယ်လီဂရမ် မက်ဆေ့ချ်ပေးပို့တဲ့ အက်ပ်မှာ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အစောပိုင်းမှာ ပို့စ်တင်ထားပြီး မီးလောင်နေတဲ့ အဆောက်အဦတွေကို ဗီဒီယိုမှတ်တမ်းတွေနဲ့အတူ တင်ထားပါတယ်။
ရုရှားက အရပ်သားတွေကို တမင်တိုက်ခိုက်ခြင်း မရှိကြောင်း ငြင်းဆိုထားပေမယ့် ယူကရိန်းတဝန်းရှိ မြို့တွေကို ရုရှားတပ်ဖွဲ့တွေက ချေမှုန်းခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလန်စကီးက ယူကရိန်းမှာ နေ့စဉ် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု တိုးမြှင့်ပေးပေမယ့်လည်း ကိယက်ဗ်နဲ့ တခြားဒေသအများအပြားမှာ ပြဿနာတွေကို သတိပြုမိကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှား စွမ်းအင်အကြမ်းဖက်မှုရဲ့ အစ မတိုင်ခင်တုန်းကလို စွမ်းအင်စနစ်ရဲ့ ၁၀၀ ရာခိုင်နှုန်းကို ပြန်ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတာ မမေ့သင့်ကြောင်းလည်း ဇီလန်စကီးက သူ့ရဲ့ညနေခင်း ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။