ပြင်သစ်နိုင်ငံ ဂျာစီကျွန်းရှိ လူနေတိုက်ခန်းတွဲ ပေါက်ကွဲမှုဖြစ်ပြီ ၃ ဦး သေဆုံး

ပြင်သစ်နိုင်ငံမြောက်ပိုင်း ကမ်းလွန်ဒေသမှာရှိတဲ့ ဂျာစီကျွန်းပေါ်က လူနေတဲ့ တိုက်ခန်းတွဲ အဆောက်အအုံ တခုမှာ ဒီဇင်ဘာ ၁၀ ရက် အစောပိုင်းက ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး လူတစ်ဒါဇင်ဝန်းကျင် ပျောက်ဆုံးနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
လက်ရှိမှာ ဒီဖြစ်ရပ်အတွင်း လူ ၃ ဦး သေဆုံးသွားပြီလို့ ဂျာစီပြည်နယ်ရဲတပ်ဖွဲ့ရဲ့ အရာရှိချုပ် ရော်ဘင်စမစ်တ်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့တာပါ။
မီးငြိမ်းသွားပြီဖြစ်ပေမယ့် အသက်ရှင်ကျန်ရစ်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့အတူ ညတွင်းချင်း ရှာဖွေသွားမယ်လို့ စမစ်တ်က ဆိုပါတယ်။
အဲဒီအဆောက်အအုံမှာ နေထိုင်သူတွေက ဒီပေါက်ကွဲမှုမဖြစ်ပွားခင် ဂတ်စ်နံ့ရခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ကို အခင်းဖြစ်ရာဆီ လာရောက်ဖို့ ဆက်သွယ်ခဲ့တယ်လို့လည်း စမစ်တ်က အတည်ပြုပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စမစ်တ်က မှတ်ချက်မပေးခဲ့ပေမယ့် စုံစမ်းစစ်ဆေး သွားမယ်လို့တော့ ပြောဆိုခဲ့ပါတယ်။
ဒီအခင်းဖြစ်ပွားရာ နေရာဟာ ဂျာစီကျွန်းရဲ့ မြို့တော် စိန့်ဟယ်လီယာရဲ့ ဆိပ်ကမ်းနားက သုံးထပ်တိုက် အဆောက်အအုံတစ်ခုဖြစ်ပြီး လုံးဝပြိုကျပျက်စီးသွားတယ်လို့လည်း စမတ်စ်က ဆိုပါတယ်။
ဂျာစီကျွန်းဟာ လူဦးရေ ၁ သိန်းကျော်နေထိုင်တဲ့ ဗြိတိသျှထီးနန်းလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံတခုလည်း ဖြစ်ပါတယ်။