ဩစတြေးလျတွင် နှစ်သန်းပေါင်း ၁၀၀ ခန့်သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့

နှစ်သန်းပေါင်း ၁၀၀ နီးပါး သက်တမ်းရှိတဲ့ ရှေးကျပြီးကြီးမားလှတဲ့ လည်ပင်းရှည် ရေနေတွားသွား သတ္တဝါတစ်ကောင်ရဲ့ အရိုးစု အပြည့်အစုံကို သြစတြေးလျ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေ က ကွင်းစ်လန်း သဲကန္တာရမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒီအပတ်ထဲမှာ ကြေညာခဲ့ပါတယ်။
ကွင်းစ်လန်းပြတိုက်ကွန်ရက်က ဒေါက်တာ အက်စပန်နတ်ဆန် ဦးဆောင်တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းပညာရှင်အဖွဲ့ဟာ ဒီလိုရှေးကျတဲ့ အီလက်စ် မက်ဆောရက်စ် ကျောက်ဖြစ်ရုပ်ကြွင်းကို ကွင်းစ်လန်းရဲ့ ဝေးလံတဲ့ မက်ကင်လေဒေသမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပြီး တခြားဆင့်ကဲ ပြောင်းလဲမှုဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို တံခါးဖွင့် ပေးနိုင်မယ့် သော့ချက် ဖြစ်နိုင်တယ် လို့လည်း မှတ်ချက်ပြုပါတယ်။
အလက်စ် မက်ဆောရက်စ်တွေဟာ လွန်ခဲ့တဲ့နှစ်သန်း ပေါင်း ၁၄၅ နှစ်ကနေ ၅၅ နှစ် အထိရှိခဲ့တဲ့ ခရစ်တေးရှက်စ် အစောပိုင်း ကာလတွေမှာ ဒိုင်နိုဆောတွေနဲ့ ယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ ပလီစီရက်စ်ဆော အမျိုးအစား ဖြစ်ပါတယ်။
ဒေါက်တာ နက်ဆန်က ဒီသတ္တဝါရဲ့ ရှည်လျားသွယ်လျတဲ့ လည်ပင်းကြောင့် သေဆုံးပြီးနောက်ပိုင်း ခေါင်းနဲ့ခန္ဓာကိုယ်ကို ချိတ်ဆက်ထားတဲ့ ကြားအစိတ်အပိုင်းတွေဟာ များသောအားဖြင့် ပျောက်ကွယ် သွားလေ့ရှိတာကြောင့် ဦးခေါင်းရောခန္ဓာကိုယ်ပါ တွဲလျက်ရှိနေတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကို တွေ့ရှိရဖို့ အတော်ရှားတယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေဟာ ဒီ အလက်စ်မက်ဆောရက်စ် သတ္တဝါအကြောင်း များများစားစား သိရှိခြင်းမရှိသေးပါဘူး။
သြစတြေးလျနိုင်ငံ ကွင်းလန်းစ်ပြည်နယ်မှာ အယ်ရိုမန်ဂါ လို့ခေါ်တဲ့ ကြီးမား ကျယ်ပြန့်တဲ့ ရေတိမ်ပင်လယ်ကနေရာ တော်တော်များများကို ဖုံးလွှမ်းထားတာကြောင့် ခရစ်တေးရှက်စ် ကာလအစော ပိုင်းတွေမှာ ပလီစီရက်စ်ဆောနဲ့ အစ်ခ်သီယိုဆောတို့လို ရေနေတွားသွား သတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ပြည်နယ်အနှံ့မှာ တွေ့ရလေ့ရှိတယ်လို့ ကွင်းစ်လန်းပြတိုက်က ဆိုထားပါတယ်။