ဖူးကက်တွင် ဇိမ်ခံအပျော်စီးသင်္ဘော ၁ စီး မီးလောင် ဘတ်သန်းပေါင်း ၄၀ ခန့်ဆုံးရှုံး

ထိုင်းတောင်ပိုင်း၊ ဖူးကက်မြို့မှာ ခရီးသည်တင် ဇိမ်ခံအပျော်စီးသင်္ဘော ၁ စီးဟာ ဒီဇင်ဘာ ၁၁ ရက်က ဆိပ်ကမ်းမှာ ရပ်နားထားစဉ် မီးလောင်သွားခဲ့ပါတယ်။
မနေ့ မနက် ၆ နာရီခွဲလောက်က ဖူးကက်မြို့ ရတ်ဆဒါးရပ်ကွက် ဆဖန်းပါလာလှေဆိပ်မှာ ကမ်းကပ်ထားတဲ့ သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖူးကက်မြို့မရဲစခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
မီးလောင်တဲ့သင်္ဘောဟာ Sea Angle Beyond အမည်ရှိ ဇိမ်ခံအပျော်စီးနှစ်ထပ် သင်္ဘောဖြစ်ပြီး၊ ဒုတိယထပ်နဲ့ လှေဦးပိုင်းဘက်မှာ မီးတောက်မီးလျှံတွေထွက်နေကာ မီးသတ်အဖွဲ့က ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
၂ နာရီကြာလောက်မှ မီးညွန့်ကျိုးသွားကြောင်း၊ အဆိုပါသင်္ဘောထဲမှာ ဝန်ထမ်းနဲ့ အလုပ်သမားတွေရှိနေပေမယ့် အားလုံးထွက်ပြေးလွတ်မြောက်ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။
ဒါပေမဲ့ သင်္ဘောထဲက ပစ္စည်းနဲ့စက်တွေ အကုန်လောင်ကျွမ်းသွားလို့ ဆုံးရှုံးမှုပမာဏ ခန့်မှန်းခြေ ဘတ်သန်းပေါင်း ၄၀ လောက်ရှိပြီး မီးလောင်ရတဲ့အကြောင်းမှာ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်တယ်လို့ ကနဦးခန့်မှန်းပေမယ့် အကြောင်းရင်းမှန်သိရဖို့ သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေး နေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
Ref- PhuketTime