ပီးရူးရွေးကောက်ပွဲ ၂ နှစ်စောကျင်းပရန် ဥပဒေကြမ်း တင်သွင်းမည်

ပီရူးနိုင်ငံက သမ္မတသစ် ဒီနာဘိုလူအာတာက လာမယ့် ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ပုံမှန်ထက် ၂နှစ် စောပြီး အထွေထွေရွေးကောက်ပွဲကို ရှေ့တိုးကျင်းပဖို့ လွှတ်တော်မှာ ဥပဒေကြမ်း တင်သွင်းသွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်က ပြောပါတယ်။
ပီရူးမှာ သမ္မတဟောင်း ပီဒရို ကတ်စတီလို ဖြုတ်ချခံရပြီးတဲ့နောက် ဆန္ဒပြပွဲတွေနဲ့အတူ နိုင်ငံတွင်းတင်းမာမှု မြင့်တက်နေတာပါ။
ပြီးခဲ့တဲ့အပတ်ကမှ ဒီနာဘိုလူအာတာဟာ ပီရူးနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ သမ္မတ ဟောင်း ကတ်စတီလိုကတော့ စွပ်စွဲပြစ်တင်မှုဆိုင်ရာ မဲခွဲဆုံးဖြတ်မှုကို တားဆီးဖို့ အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့တာကြောင့် လွှတ်တော်က သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့တာပါ။
သမ္မတအသစ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲ အချိန်စောကျင်းပဖို့ ရည်ရွယ်တဲ့ ဒီဥပဒေကြမ်းကို လာမယ့်ရက်ပိုင်းအတွင်း လွှတ်တော်ကို တင်ပြသွားမယ်လို့ ပါရှိပါတယ်။
ကတ်စတီလို ရာထူးကနေ ဖယ်ရှားခံရပြီးနောက် အထွေထွေရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေအတွင်း ဆယ်ကျော်သက် ၂ ဦးနဲ့ လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
ကတ်စတီလိုရဲ့ သမ္မတသက်တမ်း ၂၀၂၆ ခုနှစ်ထိ ဒီနာဘိုလူအာတာ အာဏာဆက်ရှိနေမှာကို မလိုလားတဲ့ ကတ်စတီလိုအပေါ် ထောက်ခံသူ အများစုက ရွေးကောက်ပွဲအသစ်ကျင်းပဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး သမ္မတအသစ်ဘက်ကလည်း ရွေးကောက်ပွဲကို ၂နှစ်စောကျင်းပပေးဖို့ အခုလို ပြင်ဆင်လာခဲ့ပါတယ်။