အာဖဂန်တွင် ဟိုတယ်တခု တိုက်ခိုက်ခံရပြီး တရုတ်နိုင်ငံသား ၅ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်က ဟိုတယ်တခုမှာ ဒီဇင်ဘာ ၁၂ ရက်က တိုက်ခိုက်ခံရမှုကြောင့် တရုတ်နိုင်ငံသား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝဲန်ပင်န်က ဒီဇင်ဘာ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်ရဲ့ လက်ချက်လို့ အခိုင်အမာဆိုထားတဲ့ ဒီတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်ရဲ့ တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေကို ဆင့်ခေါ်ခဲ့ရတယ်လို့ ဝမ်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အာဖဂန်နစ္စတန်ရှိ တရုတ်သံရုံးမှ အလုပ်အဖွဲ့တဖွဲ့ဟာ အဲဒီနေ့မှာပဲ ဟိုတယ်ကို သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး၊ ကုသရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။
အာဖဂန်နစ္စတန်မှာရှိတဲ့ တရုတ်သံရုံးက အာဖဂန် ကြားဖြတ်အစိုးရကို သံတမန်ရေးရာပိုင်းအရ ကျေနပ်မှုမရှိကြောင်း ပြောကြားလိုက်ပြီး အာဖဂန်ဘက်က ဒဏ်ရာရသူတွေကို ကယ်ဆယ်ပေးဖို့မှာ အားမလျှော့ဘဲ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှု ဖွင့်ပေးဖို့နဲ့ တိုက်ခိုက်သူတွေကို တရားစီရင်ပေးပြီး အာဖဂန်နစ္စတန်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ နောက်ထပ် အစီအမံတွေ လုပ်ပေးဖို့ တောင်းဆိုထားကြောင်း ဝမ်က ပြောပါတယ်။
အာဖဂန်နစ္စတန်မှာ လုံခြုံရေးအခြေအနေအရ တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေကို တတ်နိုင်သမျှ အဲဒီနိုင်ငံကနေ အမြန်ဆုံးထွက်ခွာကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပြုလိုက်ကြောင်းလည်း ဝမ်က ပြောပါတယ်။