ဘရာဇီးသမ္မတဟောင်းကို ထောက်ခံသူများ ဖက်ဒရယ်ဗဟိုရဲဌာနချုပ်ကို ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်း

ဘရာဇီး လက်ယာစွန်းသမ္မတဟောင်း ဂျာအစ် ဘောလ်ဆိုနာရိုအပေါ် ထောက်ခံသူတွေဟာ ဒီဇင်ဘာ ၁၂ ရက်က မြို့တော် ဘရပ်စီလီယာရှိ ဖက်ဒရယ်ဗဟိုရဲဌာနချုပ်ကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။
လက်ရှိ ရွေးကောက်ပွဲအလွန်ကာလ အကြမ်းဖက်မှုရဲ့ ပထမဆုံး အဓိကဖြစ်ရပ်လို့ ဆိုရမယ့် ဌာနေတိုင်းရင်းသားခေါင်းဆောင် ဟိုဆေး အကာစီယို စရေးရေး ဆာဗန်တေးကို ဖမ်းဆီးခဲ့တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဆာဗန်တေးဟာ ဒီမိုကရေစီအပေါ် ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ဆောင်ရွက်ခဲ့တယ်လို့ တရားရုံးချုပ် တရားသူကြီး အလက်ဇန်းဒရေး ဒီမိုရိုက်စ်က စွပ်စွဲပြီး ယာယီထိန်းသိမ်းထားဖို့ အမိန့်ထုတ်ခဲ့တာကြောင့် အခုလို ကျူးကျော်မှုအထိ ဖြစ်ပေါ်လာတာပါ။
တရက်တည်းမှာပဲ ဖက်ဒရယ်ရွေးကောက်ပွဲတရားရုံး TSE က ဘောလ်ဆိုနာရိုရဲ့ လက်ဝဲယိမ်းပြိုင်ဘက် လူးဝဇ် အီနာစီယို လူလာ ဒါဆေးလ်ဗားကို သမ္မတအဖြစ် ရွေးကောက်ပွဲ အနိုင်ရရှိမှုအပေါ် အတည်ပြုခဲ့ပါတယ်။
အီလက်ထရွန်နစ် မဲပေးစနစ်မှာ မဲလိမ်မှုဖြစ်ပေါ်နိုင်တယ်ဆိုပြီး အခြေအမြစ်မရှိတဲ့ အကြံပြုချက်တွေနဲ့ လပေါင်းများစွာ စွပ်စွဲခဲ့ပြီးနောက် သမ္မတဟောင်း ဘောလ်ဆိုနာရိုဟာ ရွေးကောက်ပွဲအရှုံးကို ဝန်မခံသေးသလို သမ္မတအသစ် လူလာကို အာဏာလွှဲပြောင်းရာမှာလည်း တားဆီးပိတ်ပင်ခြင်း မရှိပါဘူး။
ဘောလ်ဆိုနာရိုအပေါ် ထောက်ခံသူအများအပြားက သမ္မတဟောင်းရဲ့ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆိုနေကြတာဖြစ်ပြီး နိုင်ငံတဝန်း စစ်တပ်အခြေစိုက်စခန်းအပြင်မှာ ယာယီတဲထိုး စခန်းချပြီးတော့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ဖို့အတွက် အာဏာသိမ်းဖို့ စစ်တပ်ကို တိုက်တွန်းနေကြတာပါ။
ဌာနေတိုင်းရင်းသားခေါင်းဆောင် ဆဗန်တေးဟာလည်း ဒီဆန့်ကျင်ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
မြို့တော် ဘရပ်စီလီယာအနှံ့က ဆန္ဒပြပွဲတွေကို ဆဗန်တေးက ဦးဆောင်ခဲ့တာဖြစ်ပြီး သမ္မတသစ် လူလာနဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးတို့ကို ခြိမ်းခြောက်ရာမှာ သူ့ရဲ့ ဌာနေတိုင်းရင်းသားအုပ်စုခေါင်းဆောင်ဆိုတဲ့ ရာထူးကို အသုံးပြုပြီး ဌာနေတိုင်းရင်းသားတွေရော၊ တိုင်းရင်းသား မဟုတ်သူတွေကိုပါ ရာဇဝတ်မှု ကျူးလွန်ရာမှာ ပါဝင်ဖို့ စာရင်းထည့်သွင်းခဲ့ပါသေးတယ်။