close

မြင်းခြံတွင် အသတ်ခံရသည့် အမျိုးသား ၆ ဦး အလောင်းတွေ့၊ ဂန့်ဂေါတွင် လူငယ် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက် မနက်က အမျိုးသား ၆ ယောက် တညတည်း အသတ်ခံရပြီး အလောင်းတွေ မြို့ပြင်မှာ စွန့်ပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီဇင်ဘာ ၁၃ ရက်ညက သတ်ပြီး လာပစ်ထားတာ၊ အမျိုးသားအလောင်း ၂ လောင်း လမ်းမှာတွေ့တာ။”

အသတ်ခံရသူတွေဟာ မြင်းခြံမြို့နယ် လယ်သစ်ရွာက ရွာခံအမျိုးသားတွေဖြစ်ပြီး မြင်းခြံမြို့နယ် ကံရွာတံတားအနီး၊ မြင်းခြံ သင်ပြွန်းရွာအနီး၊ နွားထိုးကြီးမြို့နယ် ရွာကြီးရွာ အနောက်ဘက် နေရာတွေမှာ ၂ လောင်းစီခွဲပြီး ပစ်ထားခဲ့တာလို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

မြင်းခြံမြို့နယ် လယ်သစ်ရွာကို ဒီဇင်ဘာ ၆ ရက်က ပျူစောထီးအဖွဲ့ ဝင်ရောက်မီးရှို့ခဲ့ပြီး ဒီဇင်ဘာ ၉ ရက် ညမှာ ရွာသား ၆ ဦး အဖမ်းခံခဲ့ရတာဖြစ်ကာ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အသတ်ခံရတာလို့ ဆိုပါတယ်။

နွားထိုးကြီးနယ် မင်းရွာမှာလည်း ဒီဇင်ဘာ ၆ ရက် ညက ရွာသား ၆ ဦး ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ အမျိုးသား ၁၂ ဦးကို ပျူစောထီးအဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ပိတောက်ကုန်းရွာက အသက် ၁၅ နှစ်အရွယ် မောင်တင်ဝင်းကို ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ ရက်က ဖမ်းဆီးသွားပြီး ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ မြစ်သာမြစ်ကူးတံတား အောက်ဘက်နားမှာရှိတဲ့ ယာခင်းထဲမှာ ပုပ်ပွသေဆုံးနေတဲ့ အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်‌တောင်ပိုင်း၊ မင်းရွာကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ ပြန်ဆုတ်လာစဉ် ပိတောက်ကုန်းရွာ အနောက်မြောက်ဘက် ‌လေးဖာလုံခန့်အကွာ ဒေသအခေါ် အင်တိုင်းကုန်းမှာ မောင်တင်ဝင်းကို ကို ဖမ်းဆီးသွားတာပါ။

ဒေသခံတဦးက “အလောင်းကိုတွေ့တော့ ခေါင်းတွေ၊ ခြေထောက်တွေ၊ လက်တွေတောင် မရှိတော့ဘူး။ ကောက်လို့မရတဲ့ အနေအထားကြောင့် နေရာမှာတင် မီးသင်္ဂြိုဟ်ခဲ့ရတာ”လို့ ပြောပါတယ်။

မောင်တင်ဝင်းကိုလို ဖြစ်ရပ်မျိုး မကြုံတွေ့စေဖို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာနေပေးကြဖို့၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရင် ကျေးရွာတွင်းမှာ မနေကြဘဲ ဘေးလွတ်ရာမှာ ရှောင်တိမ်းနေထိုင်ကြဖို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

အဆိုပါ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး  စစ်ကောင်စီနဲ့ စစ်ကောင်စီလက်သတ်မွေးထားတဲ့ လက်ကိုင်တုတ် ပျူစောထီး အဖွဲ့တွေဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up