ယူကရိန်းကပေးသည့် လက်ဆောင်ထုပ် ပေါက်ကွဲမှုကြောင့် ပိုလန်ရဲချုပ် ဒဏ်ရာရ

ပိုလန်ရဲတပ်ဖွဲ့ဦးစီးချုပ် ယာရိုစ်ဝပ်ဖှ် ဆင့်မ်ချင်ခ်ဟာ ယူကရိန်းနိုင်ငံခရီးစဉ်အတွင်း ရရှိခဲ့တဲ့ လက်ဆောင်ထုပ်ကနေ ဝါဆောရဲဌာနချုပ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ ပိုလန်ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
ပိုလန် ရဲဦးစီးချုပ် ဆင့်မ်ချင်ခ်ဟာ ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၂ ရက်အထိ ယူကရိန်းနိုင်ငံကို လာရောက်ချိန် ယူကရိန်းအရေးပေါ်ဌာန အကြီးအကဲဆီကနေ လက်ဆောင်ကို လက်ခံရရှိခဲ့တာပါ။ လက်ဆောင်က ဘာပစ္စည်းလဲဆိုတာတော့ ချက်ချင်းမသိရသေးပါဘူး။
“ပေါက်ကွဲမှုကြောင့် ရဲဦးစီးချုပ်ကြီးဟာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး စောင့်ကြည့်စစ်ဆေးဖို့ မနေ့ကတည်းက ဆေးရုံမှာ ထားထားပါတယ်” လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရဲဌာနချုပ်ရှိ အရပ်သားဝန်ထမ်းတဦးလည်း ဒဏ်ရာရရှိခဲ့ပေမဲ့ သူကတော့ ဆေးရုံတင်ဖို့ မလိုအပ်ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။
“ပိုလန်ဘက်ကတော့ ယူကရိန်းဘက်ကို ဒီကိစ္စအပေါ် ရှင်းပြချက်ပေးဖို့ တောင်းဆိုထားပါတယ်” လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ရဲဌာနချုပ်မှာ ပေါက်ကွဲမှုကြောင့် ဆင့်မ်ချင်ခ် ဒဏ်ရာရခဲ့ပြီး အဆောက်အအုံရဲ့ မျက်နှာကြက်ကို ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ပိုလန်မီဒီယာက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ SBU လုံခြုံရေးဌာနမှ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာရဲ့တောင်းဆိုချက်ကို ချက်ချင်း အကြောင်းမပြန်သေးပါဘူး။