ဘလ်ဂျီယံတွင် လူထောင်ချီ ဆန္ဒပြ

ဘလ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဒီဇင်ဘာ ၁၆ ရက်မှာ လမ်းမတွေပေါ် ထွက်လာခဲ့ပြီး လူနေမှုစရိတ်တွေ မြင့်တက်လာတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်တွေ ထိခိုက်သွားပြီး ဒီတပတ်ရဲ့ အီးယူ ထိပ်သီးအစည်းအဝေးကိုလည်း အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
အဲဒီဆန္ဒပြပွဲကို အများပိုင်ကဏ္ဍမှ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ ဖွဲ့စည်းစီစဉ်ထားတာဖြစ်ပြီး လူပေါင်း ၁၆,၅၀၀ လောက် ပါဝင်ခဲ့ကြောင်း ဘရပ်ဆဲလ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဥရောပနိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှု မြင့်တက်နေတာကြောင့် ဒီဆန္ဒပြပွဲကနေ ပိုကောင်းမွန်တဲ့ လုပ်ခလစာနဲ့ လုပ်ငန်းခွင် အခြေအနေတွေကို တောင်းဆိုနေပါတယ်။ လစာနဲ့ ပင်စင်ငွေကြေး တိုးပေးဖို့ ဆန္ဒပြသူတစ်ဦးက ကိုင်မြှောက်ထားတဲ့ ဆိုင်းဘုတ်မှာ ရေးသားတောင်းဆိုထားပါတယ်။
“အစိုးရက ပိုက်ဆံမရှိဘူးလို့သာ ပြောနေပေမယ့် တချို့ကုမ္ပဏီတွေ၊ တချို့နိုင်ငံတွေကနေ အရင်းအနှီး၊ အခွန်အခ၊ အမြတ်အစွန်းတွေကနေ ငွေတွေဝင်နေတာပဲ။ ဘဏ်တွေမှာ ပြဿနာတက်တဲ့အခါ ဒါမှမဟုတ် ကိုဗစ်-၁၉ နဲ့ တွေ့တဲ့အခါကျ ငွေရအောင်လုပ်ဖို့ အမြဲနည်းလမ်းတွေ၊ ရွေးချယ်စရာတွေ ရှိနေတာကြောင့် ပြည်သူတွေအတွက် အဖြေရှာဖို့ အချိန်ရောက်ပြီ” လို့ ဆန္ဒပြသူ မိုက်ကယ်ဒီဟင်နန့်က ပြောပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးကတည်းက ဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အား စျေးနှုန်းတွေ မြင့်တက်လာခဲ့တာပါ။
ဘယ်လ်ဂျီယံရဲ့ ငွေကြေးဖောင်းပွမှုကိန်းဂဏန်းဟာ နိုဝင်ဘာလမှာ ၁၀ ဒသမ ၆၃ ရာခိုင်နှုန်းဖြစ်ပြီး ယူရိုဇုန် တစ်ခုလုံးအတွင်း စားသုံးသူငွေကြေးဖောင်းပွမှုမှာ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။