close

လက်ယက်ကုန်းရွာအပါအဝင် ဒီပဲယင်း ရွာ၆ ရွာကို စစ်တပ် မီးရှို့ ၊ နေအိမ် ၄၀၀ မီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၄၀၀ ကျော် မီးလောင်ဆုံးရှုံးပြီး  ဒေသခံပြည်သူတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ မီးဘေးသင့်သူတွေက ပြောပါတယ်။

မူးကတွင်း၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တောနဲ့ ညောင်လှ ရွာတွေကို ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ခဲ့လို့ ကျေးရွာဒေသခံတွေဟာ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ စောင်တွေ အရေးပေါ် လိုအပ်နေတာပါ။

လက်ယက်ကုန်းရွာခံတဦးက "ကျနော်တို့ရွာက အိမ်ခြေ ၂၀၀ လောက် မီးရှို့ခံရတယ်။ စိုက်ပျိုရေးသုံး ပစ္စည်းတွေကိုလည်း မီးရှို့သွားတယ်။ နွားတွေလည်း ပစ်သတ်သွားတယ်။ အဓိက လိုအပ်နေတာကတော့ စားနပ်ရိက္ခာ ဆေးဝါး၊ အဝတ်အထည်နဲ့ ခြုံစောင်ပဲ"လို့ ဆိုပါတယ်။

လက်ယက်ကုန်းရွာမှာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို စစ်ကောင်စီတပ်တွေက မြေပြင်ကရော လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ပြီး ကလေးငယ်တွေနဲ့ ရွာသားတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့ဖူးပါတယ်။

မဲအိုးရွာခံတဦးက  "ကျနော်တို့ ရွာမှာ နေအိမ် အလုံး ၈၀ ကျော်တယ် မီးရှို့ခံရတာ။ နောက်ပြီး စုဆောင်းထားတဲ့ ရိက္ခာတွေကိုလည်း မီးရှို့သွားတယ်။ ဆန်တွေကို ဓာတ်ဆီလောင်းပြီး မီးရှို့သွားတာ ကုန်ပြီ။ ဆန်တွေ မီးရှို့သွားတော့ အဓိက ရိက္ခာ လိုတယ်။ ဆေးဝါး အဝတ်အထည် စောင်တွေ အကူအညီ လိုပါတယ် "လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ်အတွင်း ဒီဇင်ဘာ ပထမပတ်မှ စတင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာ ၁၅ ရွာထက်မနည်းက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီး ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up