close

မတ္တရာနယ်၌ အမျိုးသမီး ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ၊ အောင်ပန်းတွင် YUG ရဲဘော် ၁၁ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်‌ဖွဲ့ဝင်တွေက အမျိုးသမီးနှစ်ယောက်ကို အကြမ်းဖက်ရိုက်နှက်ပြီး  ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်က ကြပ်ပြင်ကျေးရွာကို စစ်ကောင်စီတပ်တွေ လာရောက်ပြီး အမျိုးသားဖြစ်သူက PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုကာ သူ့ရဲ့အမျိုးသမီးကို လာရောက် ဖမ်းဆီးရာမှာ သံကြိုးနဲ့ပါ အကြမ်းဖက် ရိုက်နှက်စစ်ဆေးခဲ့ပြီး ရေထဲနှစ် ‌စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မတ္တရာနယ်ခံတဦးက "သူ့ယောက်ျားလေးကို မမိလို့လို့ ပြောတယ်။ သံကြိုးတွေနဲ့လည်း ရိုက်တယ်လို့လည်း ပြောတယ်။ တချို့ကလည်း သေတယ်လို့ပြောနေတာပဲ။ တချို့ကလည်း မသေဘူးပြောတာပဲ။ နောက်ဆက်တွဲတော့ မသိရသေးဘူး" လို့ ပြောပါတယ်။

အဆိုပါအမျိုးသမီးနဲ့အတူ အခင်းတဲရှိ တခြားအမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်ကိုလည်း ရိုက်နှက်စစ်ဆေးကာ အမျိုးသမီးနှစ်ယောက်လုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

လာရောက်ဖမ်းဆီးရာမှာ စစ်ကားလေးစီးနဲ့အတူ မတ္တရာမြို့ပေါ်ရှိ ပျူစောထီးအဖွဲ့ဝင်တွေပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁၇ ရက် မနက်ကလည်း ကျောက်ဆည်လေးကျေးရွာက နေအိမ်တလုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာတော့ အမှတ် ၃ ရပ်ကွက်ရှိ “နေလ” ကွမ်းယာဆိုင်အနီးမှာ ရွာငံမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ YUG အဖွဲ့ဝင် အမျိုးသမီး ၂ ဦးအပါအဝင် ရဲဘော် ၁၁ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းမှာ YUG မှ ရဲဘော် ၁၁ ဦးကို ကယားပြည်နယ်ဘက် သင်တန်းတက်ရောက်ဖို့ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက်မှ ရွာငံ-အောင်ပန်း လမ်းကြောင်းအတိုင်း ဆိုင်ကယ်တွေနဲ့ ထွက်ခွာလာစဉ် ဖမ်းဆီးရမိခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော်တွေကတော့ ကျော်ဇင်မင်း၊ အောင်ဇော်ထွေး၊ ဇော်နေဝင်း၊ အေးမင်းဖြိုး၊ ရဲလင်းနိုင်၊ အားမာန်ဖြိုး၊ ဒိုးဒိုးနိုင်း၊ သန်းဝင်းအောင် (ခ) မောင်လေး၊ ချောအိခိုင်  နဲ့ မြတ်နိုးမေ တို့ဖြစ်ပြီး ၂၀၂၁ ခုနှစ် ၁၁ လပိုင်းမှ ၂၀၂၂ ခုနှစ် ၇ လပိုင်းအထိ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုပေါင်း ၁၂ ခုကို ပြုလုပ်ခဲ့ကြောင်း ရဲဘော်တွေက ထွက်ဆိုတယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး YUG မှ အမျိုးသမီး ၂ ဦးအပါအဝင် ရဲဘော် ၁၁ ဦး ဖမ်းဆီး ခံလိုက်ရတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အတည်ပြုပြောဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ   ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ အနောက်ဘက်ရှိ YUG စခန်းကို သွားရောက်ရှင်းလင်းခဲ့ရာ လူနေမိုးကာတဲ ၅ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၇ လုံး၊ ၉ လုံးကျည် ၁၁ တောင့်၊ လက်လုပ်သေနတ် ၂ လက်၊ တူမီးသေနတ် ၂ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up