close

အမှတ် ၂ ချယ်ရီ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရသူအချို့ သေဆုံး

ရန်ကုန်၊ ပန်းဆိုးတန်းနဲ့ ဒလဘက်ကို ပြေးဆွဲနေတဲ့ အမှတ် ၂ ချယ်ရီ ကူးတို့သင်္ဘောပေါ်မှာ  ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရရှိသူတွေ ၁၇ ယောက်ထဲမှာ တချို့ ဆေးကုသမှုခံယူရင်းသေဆုံးသူတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကူးတို့သင်္ဘောဟာ ရေလယ်ကောင်မှာ  ဗုံးပေါက်ကွဲပြီးနောက် ဒဏ်ရာရရှိတဲ့ အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီးနှစ်ယောက်တို့ကို ပရဟိတအဖွဲ့တွေက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပြီး  ဆေးကုသမှုခံယူရာမှာ သေဆုံးသူ ၅ ယောက်ရှိခဲ့တယ်လို့  မြို့ခံတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“သေဆုံးသူငါးဦးရှိတယ်လို့ ကြားတယ်။ ကျား မ စာရင်းတော့ မသိဘူး။ ဆေးကုသမှုခံယူနေရင်း ဆုံးတာပါ။”

ဒလမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးတင်းကျပ်ထားပြီး ဆိုင်ကယ်စီးခွင့်ပိတ်ပင်ထားတဲ့အပြင် သမ္ဗန်နဲ့ လာရောက်သူတွေကိုပါ စစ်ကောင်စီတပ်က စစ်ဆေးနေတာပါ။

“ဒလမှာ ဖမ်းထားတာတွေလည်း များတယ်။ အကုန်ကြပ်မတ်ထားတာ ဒီလောက် လုပ်ထားတဲ့ကြားက ဗုံးပေါက်တယ်ဆိုတော့ စဥ်းစားလို့မရဘူး။ PDF တွေဘက်ကလည်း သူတို့ လုပ်တာမဟုတ်ဘူးဆိုတာကို ထုတ်ပြန်ထားတယ်”လို့ မြို့ခံတစ်ဦးက  ပြောပါတယ်။

ဒလမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း အခုဖြစ်ရပ်ဟာ သူတို့အဖွဲ့နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ထုတ်ပြန်ထားပြီး အခုလုပ်ရပ်အပေါ် ရှုတ်ချသလို လုပ်ဆောင်တဲ့သူတွေ တာဝန်ခံရမယ်လို့ သတိပေးထားပါတယ်။

အရင်စစ်အစိုးရတွေလက်ထက်တုန်းကလည်း လူစည်ကားရာနေရာတွေမှာ လက်သည်မပေါ်တဲ့ ဗုံးဖောက်ခွဲမှုတွေကို စစ်အုပ်စုက လုပ်ဆောင်ခဲ့ဖူးသလို လက်ရှိ စစ်ဆင်ရေးတွေမှာ အထိနာနေတဲ့ စစ်ကောင်စီဟာလည်း ထင်ယောင်ထင်မှားဖြစ်အောင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ပြုလုပ်လာနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက သတိပေးထားပါတယ်။

မနေ့ညက ကူးတို့သင်္ဘောပေါ်မှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ခုချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

လတ်တလောမှာ  ပန်းဆိုးတန်းဆိပ်ကမ်းနဲ့ ဒလဆိပ်ကမ်း စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၁၇ ကြိမ်ဖြစ်ခဲ့ပြီး  ၆ ဦး သေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up