close

ရဟတ်ယာဉ်အမှုအတွက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ဆက်လက်စစ်ဆေး

ရဟတ်ယာဉ်အမှုတွေအတွက် တရားခံပြသက်သေဖြစ်တဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို  ဒီဇင်ဘာ ၁၉ ရက် ဒီကနေ့ နေပြည်တော်အချုပ်ထောင်ရှိ အထူးသီးသန့်တရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ ရုံးချိန်းမှာ  သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ရုံးထုတ်ခဲ့ပါတယ်။  

ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ စစ်ကောင်စီစွပ်စွဲထားတဲ့ အဂတိငါးမှုလုံးအတွက် စွဲချက်တင်အမိန့်ချကာ ပြန်ခေါ်သက်သေတွေနဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးပြီးဖြစ်လို့ တရားခံပြသက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပြီးပါတယ်။

ပြီးခဲ့တဲ့အပတ် ရုံးထုတ်မှာလည်း   ခံပြသက်သေအဖြစ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ဆေးခဲ့ပေမဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုငါးမှုမှာ သုံးမှုသာ စစ်ဆေးပြီးခဲ့တဲ့အတွက် ဒီနေ့ ဆက်လက်စစ်ဆေးတာ ဖြစ်ပါတယ်။

တရားရုံးနဲ့နီးစပ်သူတဦးက “ဒီနေ့ ခံပြသက်သေအဖြစ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်တဲ့နှစ်မှု ဆက်စစ်တာ ပြီးသွားပြီ။ မနက်ဖြန် ဘယ်သူ့ကိုစစ်မယ် မသိသေးဘူး” လို့  ပြောပါတယ်။

ဒီရဟတ်ယာဉ်ဝယ်တာ၊ ငှားတာ၊ ပြုပြင်ထိန်းသိမ်းတာတွေဟာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်ဖြစ်ပြီး NLD အစိုးရလက်ထက်မှာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတာဝန်ပါ ယူခဲ့သူ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြီးခဲ့တဲ့ရုံးချိန်းမှာ စွဲဆိုထားတဲ့အမှုတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ထားတယ် ဆိုတဲ့အကြောင်း ထွက်ဆိုထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်တာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်အမှုအတွက် စွပ်စွဲခံရသူတွေဘက်က တရားခံပြသက်သေတွေအနေနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အပါအဝင် အရင် ပို့ဆက်ဒုဝန်ကြီး ဦးကျော်မျိုး၊ ရဟတ်ယာဉ်ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာတဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို စစ်ဆေးပြီးဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွပ်စွဲ တရားစွဲဆိုထားပေမဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up