မြောက်ကိုရီးယားက ထောက်လှမ်းရေးဂြိုဟ်တု စမ်းသပ်

မြောက်ကိုရီးယားနိုင်ငံဟာ ထောက်လှမ်းရေးဂြိုဟ်တု တည်ဆောက်ရာမှာ အရေးကြီးတဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုကို ဒီဇင်ဘာ ၁၈ ရက်က စမ်းသပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ကြေညာပါတယ်။
မြောက်ကိုရီးယားအစိုးရရဲ့ အမျိုးသားအာကာသဖွံ့ဖြိုးတိုးတက်ရေး စီမံကွပ်ကဲမှု (NADA) က နိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ ဆိုဟယ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလမှာ အပြီးသတ်ဖို့ ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။
ဂြိုဟ်တုပုံရိပ်ဖော်မှု၊ ဒေတာထုတ်လွှင့်မှုနဲ့ မြေပြင်ထိန်းချုပ်မှု စနစ်တွေရဲ့ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်ဖို့ စမ်းသပ်တာလို့ KCNA က ပြောပါတယ်။
အဖြူအမည်း ပုံရိပ်ပြတ်သားမှုနည်းတဲ့ တောင်ကိုရီးယားမြို့တော် ဆိုးလ်နဲ့ အနားက ဆိပ်ကမ်းမြို့ အင်ချုံတို့ရဲ့ ပုံရိပ်တွေကို တနင်္ဂနွေနေ့က လွှတ်တင်ချိန်မှာ ရိုက်ကူးခဲ့တယ်လို့လည်း KCNA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ ဒုံးပျံလွှတ်တင်ချိန်မှာ ဂြိုဟ်တုစနစ်တွေကို စမ်းသပ်ခဲ့ပြီး ခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့ရဲ့ ထောက်လှမ်းရေးဂြိုဟ်တုကို ရအောင်ကြိုးစားတာဟာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ ပေးဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။