ဗြိတိန်ဘုရင်ချားလ်စ်ရုပ်ပုံပါ ငွေစက္ကူသစ်များ အင်္ဂလန်ဘဏ် ထုတ်ဖော်ပြသ

အင်္ဂလန်ဘဏ်ဟာ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ ရုပ်ပုံပါတဲ့ ငွေစက္ကူအသစ်ကို ဒီဇင်ဘာ ၁၉ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။
နိုင်ငံရဲ့ ငွေစက္ကူလေးခုလုံးဖြစ်တဲ့ ၅ ပေါင်၊ ၁၀ ပေါင်၊ ပေါင် ၂၀ နဲ့ ပေါင် ၅၀ တန် ငွေစက္ကူတွေမှာ ဘုရင်ရဲ့ပုံကို ပြသထားတဲ့ နမူနာ ငွေစက္ကူအကြွေသစ်တွေရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
ငွေစက္ကူအသစ်တွေဟာ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှာ လည်ပတ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း အင်္ဂလန်ဘဏ်က ပြောပါတယ်။
ဘုရင်မကြီး အဲလိဇဘက် ရုပ်ပုံပါတဲ့ လက်ရှိငွေစက္ကူတွေဟာ တရားဝင် သုံးစွဲလို့ရတဲ့ ငွေကြေးအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပြီး စုတ်ပြဲ ပျက်စီးသွားရင်တော့ ငွေကြေးလည်ပတ်မှုကနေ ဖယ်ရှားသွားမှာဖြစ်ကြောင်း ဘဏ်ကပြောပါတယ်။
ချားလ်စ်ဟာ သူ့ရဲ့မိခင် အဲလိဇဘက်ဘုရင်မကြီး နန်းသက် နှစ်ပေါင်း ၇၀ အကြာမှာ ကွယ်လွန်သွားပြီးနောက် စက်တင်ဘာလမှာ ဘုရင်ဖြစ်လာခဲ့ပါတယ်။