အရေးယူပိတ်ဆို့မှုကြောင့် ဒုံးကျည်တည်ဆောက်မှု ရပ်တန့်မည်မဟုတ်ဟု မြောက်ကိုရီးယား ပြော

တောင်ကိုရီးယားနိုင်ငံရဲ့ နှောင့်ယှက်ဟန့်တားမှုနဲ့ နောက်ထပ်အရေးယူပိတ်ဆို့မှုတွေက မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်လက်နက် တည်ဆောက်မှုကို ရပ်တန့်စေမှာ မဟုတ်ဘူးလို့ နိုင်ငံပိုင် သတင်းအေဂျင်စီ KCNA မှာ ဒီဇင်ဘာ ၂၀ ရက်က ထုတ်လွှင့်သွားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ နိုင်ငံတွင်း သြဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံက နိုင်ငံပိုင်သတင်းဌာနကတဆင့် အခုလို ဝေဖန်ပြောဆိုခဲ့တာပါ။
ဒီအထီးကျန်နိုင်ငံရဲ့ ထောက်လှမ်းရေးဂြိုဟ်တု တည်ဆောက်မှု ပဏာမခြေလှမ်းဟာ နိုင်ငံ့လုံခြုံရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် အဓိကဦးစားပေးကိစ္စရပ်တခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ငါတို့အတွက် ရှင်သန်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးတွေ ခြိမ်းခြောက်ခံနေရတဲ့အခါ ဒီအရေးယူပိတ်ဆို့မှုတွေကို ငါတို့ ဘာလို့ ကြောက်ရွံ့နေရမှာလဲ။ ဒါတွေဟာ ပထမဆုံးအကြိမ်မဟုတ်သလို အကြိမ်ကြိမ် ကြုံတွေ့နေရတဲ့ ဒီအရေးယူမှုတွေကြောင့် ငါတို့ ဘာလို့ရပ်တန့်သွားရမှာလဲ” လို့ KCNA က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဒီမှတ်ချက် ထွက်ပေါ်လာတာပါ။
ဒီဒုံးကျည်ပစ်လွှတ်မှုကိုလည်း ထောက်လှမ်းရေးဂြိုဟ်တု တည်ဆောက်ရေးအတွက် “အရေးပါတဲ့ စမ်းသပ်ချက်တရပ်” ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။