ဂျပန်နိုင်ငံ၏ လုံခြုံရေးဗျူဟာသစ်ကို မြောက်ကိုရီးယား ရှုတ်ချ

ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဗျူဟာသစ်ဟာ ဒေသတွင်းလုံခြုံရေးဝန်းကျင်ကို အခြေခံကျကျ ပြောင်းလဲမှုဖြစ်စေတယ်ဆိုပြီး မြောက်ကိုရီးယားကရှုတ်ချကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဂျပန်ရဲ့ရွေးချယ်မှုဟာ အတိအကျ မဖော်ပြထားတဲ့ လုပ်ရပ်တွေနဲ့ ဘယ်လောက်မှားပြီး အန္တရာယ်ရှိတယ်ဆိုတာကို ပြသလိမ့်မှာဖြစ်ကြောင်းလည်း သတိပေးလိုက်ပါတယ်
ဂျပန်နိုင်ငံဟာ ဒေသတွင်းတင်းမာမှုနဲ့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်မှုကလည်း စစ်ဖြစ်ရမှာကို စိုးရိမ်မှုကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးတည်ဆောက်မှုကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက မှတ်ချက်ပြုခဲ့ကြောင်း KCNA က အစီရင်ခံတဲ့ ကြေညာချက်အရ သိရပါတယ်။
ဂျပန်ဟာ တခြားနိုင်ငံတွေအပေါ် သူ့ရဲ့ ကြိုတင်ကာကွယ်တဲ့ တိုက်ခိုက်မှုစွမ်းရည်ကို ထိထိရောက်ရောက် ပြသနေတဲ့ လုံခြုံရေးဗျူဟာအသစ်ကို ချမှတ်ခြင်းအားဖြင့် ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့အာရှဒေသမှာ ဆိုးရွားတဲ့ လုံခြုံရေးအကျပ်အတည်းကို ယူဆောင်လာပြီလို့ ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။
တချိန်က ထင်မှတ်မထားလောက်အောင် ငြိမ်းချမ်းခဲ့တဲ့ ဂျပန်နိုင်ငံမှာ တိုကျိုအစိုးရရဲ့ ကြီးကြီးမားမား ၅ နှစ် စီမံကိန်းဟာ လက်ရှိဘတ်ဂျက်အပေါ် အခြေခံပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့တတိယအကြီးဆုံး စစ်အသုံးစရိတ်သုံးစွဲတဲ့နိုင်ငံ ဖြစ်လာမှာပါ။