close

တနင်္သာရီမြို့နယ်ရှိ NUG ပြည်သူ့ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ထိန်းချုပ်နယ်မြေတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အလင်းသစ် ပြည်သူ့ကျောင်းမှာ ဒီဇင်ဘာ ၁၇ ရက်က ပညာရေးစုံညီပွဲ ကျင်းပနိုင်ခဲ့ပြီး ကျောင်းအတွက် စားနပ်ရိက္ခာနဲ့ ဆရာ ဆရာမ လိုအပ်ချက်အတွက် အခက်အခဲတွေ ရှိနေတယ်လို့ CDM ဆရာမတွေဆီက သိရပါတယ်။

CDM ဆရာမတဦးက “တနင်္သာရီမြို့နယ်ထဲမှာ ပြည်သူ့ကျောင်း ၁၉ ကျောင်းရှိတယ်။ ကျောင်းသားတွေထဲမှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ မိသားစုတွေ၊ တော်လှန်ရေးရဲ‌ဘော် မိသားစုတွေရဲ့ သားသမီးတွေ၊ အိမ်ပြန်ဖို့အလှမ်းဝေးတဲ့ ဒေသခံတွေရဲ့ သားသမီးတွေ ပါဝင်ပြီး ကျောင်းအိပ်ကျောင်းစားထား သင်ကြားနေရတာကြောင့် ကလေးတွေအတွက် စားနပ်ရိက္ခာတွေ ကျောင်းသုံးပစ္စည်းတွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။

အလင်းသစ်ပြည်သူ့ကျောင်းကို ဇူလိုင် ၂၁ ရက်က ကျောင်းသား ၁၁၂ ဦးနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး အခုအချိန်မှာ ကျောင်းသား ၁၂၃ ဦးနဲ့ အထက်တန်းအဆင့်အထိ စေတနာ့ဝန်ထမ်း ဆရာ ဆရာမ ၇ ဦးတို့က တာဝန်ယူ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

“အလင်းသစ်ပြည်သူ့ကျောင်းမတိုင်ခင် တခြားကျောင်းတွေမှာ ပညာရေးစုံညီပွဲတော်တွေ လုပ်ခဲ့တာရှိတယ်။ ကျောင်းစဖွင့်ဖွင့်ချင်းမှာတော့ ရပ်ရွာကျောင်းသားမိဘနဲ့ ဆရာ ဆရာမတွေကို နားလည်သဘောပေါက်အောင် အတော်စည်းရုံးလိုက်ရတယ်။ အခက်အခဲ ကတော့ ဆရာ ဆရာမအင်အား မလုံလောက်တာပါ” လို့ စေတနာ့ဝန်ထမ်း လုပ်နေသူတဦးက ပြောပါတယ်။

ပထမဆုံး ပညာရေးစုံညီလုပ်ခဲ့တဲ့ Spring Education Garden ပြည်သူ့ကျောင်းကိုလည်း ဇွန်လ ၁၉ ရက်နေ့က ကျောင်းသား ၆၇၉ ဦးနဲ့ အထက်တန်းအဆင့်အထိ စတင်ဖွင့်လှစ်ခဲ့ပြီး အခုအချိန်မှာတော့ ကျောင်းသား ၇၆၂ ဦးတို့ကို CDM ဆရာ ဆရာမ ၁၃ ဦးနဲ့ စေတနာ့ဝန်ထမ်း ဆရာ ဆရာမ ၂၃ ဦးတို့က တာဝန်ယူ သင်ကြားပေးနေပါတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

အလင်းသစ်ပြည်သူ့ကျောင်းမှာ ကျင်းပတဲ့ ပညာရေးစုံညီပွဲဟာ တတိယအကြိမ်ဖြစ်ပြီး အဲဒီမတိုင်မီ နိုဝင်ဘာ ၁၅ ရက်နေ့က Spring Education Garden ပြည်သူ့ကျောင်းနဲ့ ဒီဇင်ဘာ ၁၁ ရက်က ဖူးပွင့်စ ပြည်သူ့ကျောင်းတွေမှာ ပညာရေးစုံညီပွဲတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up