close

အပြစ်မရှိသူကို အပြစ်ပေးမိခြင်းမျိုးမဖြစ်ရန် အကြမ်းဖက်စစ်ခေါင်းဆောင်ပြော 

တရားစီရင်ရေးဟာ အမှားအယွင်းမခံတဲ့ကိစ္စဖြစ်ပြီး အပြစ်ရှိသူတစ်ယောက်ကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့လိုပြီး အပြစ်မရှိသူတစ်ယောက်ကို အပြစ်ပေးမိခြင်းမျိုး မဖြစ်ဖို့လိုအပ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်မနက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာကျင်းပတဲ့ မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားမှာ  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ “နိုင်ငံတော် သည်မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်၊ “ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ”လို့ ဆိုတဲ့အတိုင်း အဘက်ဘက်က မှန်ကန်တိကျပြီး တရားမျှတမှုရှိတဲ့ စီရင်ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးကို ဆောင်ရွက်နိုင်ကြဖို့ စစ်ခေါင်းဆောင်က တရားရေးဝန်ထမ်းတွေကို တိုက်တွန်းပြောပါတယ်။

တရားစီရင်ရေးဆိုရာမှာ ပြည်သူလူထုက ယုံကြည်အားကိုးရတဲ့ တရားစီရင်ရေးဖြစ်ဖို့ အရေးကြီးကြောင်း၊ ဒီလိုယုံကြည်ကိုးစား မှုရှိနိုင်ရေး တရားရုံးတွေဟာ ဥပဒေနဲ့အညီ လွတ်လပ်မှန်ကန်စွာ ဆုံးဖြတ်နိုင်တာ၊ အဂတိတရား ကင်းစင်တာ၊ မှန်မှန်ကန်ကန်နဲ့ မြန်ဆန်စွာ အဆုံးအဖြတ်ပြုနိုင်တာတွေဟာ အရေးပါသလို တရားရုံးတွေရဲ့ အသွင်အပြင်တင့်တယ်မှု၊ ခန့်ညားထည်ဝါမှု၊ တရားရုံးဝန်ဆောင်မှုတွေကို ပြည်သူတွေ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင် မှုရှိဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အပြစ်မရှိသူတွေကို အပြစ်ပေးမိတာမဖြစ်ဖို့ တရားရေးဌာန တာဝန်ရှိသူတွေကို စစ်ခေါင်းဆောင်က ပြောနေပေမဲ့ ကိုယ်တိုင်ကတော့ နိုင်ငံအာဏာကို စသိမ်းယူကတည်းက ဥပဒေချိုးဖောက်သိမ်းယူခဲ့သလို အပြစ်မရှိတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုလည်း ဖမ်းဆီးထောင်ချ၊ ဥပဒေပြင်ပ ပစ်ခတ်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၆၂၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၆၄ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၈၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၇၆၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

Photo-DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up