ရုရှားဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး လူ ၃ ဦး သေဆုံး

ရုရှားနိုင်ငံ အာတိတ်ဒေသကနေ ယူကရိန်းနိုင်ငံကို ဖြတ်သန်းပြီး ဥရောပဆီ သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတခု ရုရှားအလယ်ပိုင်းမှာ ပေါက်ကွဲခဲ့လို့ လူ ၃ ယောက် သေဆုံးတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ TASS သတင်းဌာနက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။
ဗော်လ်ဂါမြို့ရဲ့ အနောက်ဘက် မိုင် ၉၀ အကွာ ကာလီနီနိုရွာနားမှာ စီစဉ်ထားတဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ ပိုက်လိုင်းပေါက်ကွဲခဲ့တာလို့ ချူဗာရှီယာ ဒေသဆိုင်ရာ အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ထွက်လာတဲ့ ဓာတ်ငွေ့ မီးတောက်ကို ငြှိမ်းသတ်ပြီးပြီလို့ ဆိုပါတယ်။
၁၉၈၀ ပြည့်နှစ်တွေမှာ တည်ဆောက်ခဲ့တဲ့ ပိုက်လိုင်းဟာ ဆဒ်ဇာ မီတာတိုင်းတာရေးမှတ်တိုင်က တဆင့် ယူကရိန်းနိုင်ငံထဲကို ဖြတ်သန်းဝင်ရောက်ပြီး လက်ရှိမှာ ရုရှားဓာတ်ငွေ့အတွက် ဥရောပကိုရောက်ဖို့ အဓိကလမ်းကြောင်းလည်း ဖြစ်ပါတယ်။
ဗီဒီယိုတွေမှာ မြင်တွေ့ရတဲ့ မြေပြင်အနေအထား၊ ရာသီဥတုတို့နဲ့ အာဏာပိုင်တွေက ထုတ်ပြန်တဲ့ နောက်ဆက်တွဲဓာတ်ပုံတို့ ကိုက်ညီတဲ့အတွက် ရိုက်ကူးထားတဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။