အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံ ပေးမည်

အမေရိကန်နိုင်ငံအနေနဲ့ ပက်ထရီးယော့ လေကြောင်းကာကွယ်ရေးစနစ် လွှဲပြောင်းပေးဖို့ အပါအဝင် နောက်ထပ် စစ်ရေးဆိုင်ရာအကူအညီအဖြစ် ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံကို ယူကရိန်းအတွက် ပံ့ပိုးသွားဖို့ရှိတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အမေရိကန်မြို့တော် ဝါရှင်တန်မှာ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဖို့ ရောက်လာခဲ့ပြီးနောက် ဒီကြေညာချက် ထွက်ပေါ်လာတာပါ။
ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရက်ပေါင်း ၃၀၀ ကျော်အတွင်း ယူကရိန်းသမ္မတရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အတွင်း အမေရိကန်အောက်လွှတ်တော်မှာလည်း မိန့်ခွန်းပြောခဲ့ပါတယ်။
ပက်ထရီေယာ့ ဒုံးခွင်းဒုံးစနစ်ဟာ ခုခံကာကွယ်ရေး ခံစစ်စနစ်တခုသာဖြစ်ပြီး အရှိန်မြှင့် ထိုးစစ်ဆင်တဲ့စနစ်တခု မဟုတ်ဘူးလို့ ဇလန်းစကီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က ပြောခဲ့ပါတယ်။
အဆင့်မြင့်ဆုံး အမေရိကန် လေကြောင်းကာကွယ်ရေးစနစ်တွေထဲက တခုအဖြစ် သတ်မှတ်ခံထားရတဲ့ ဒီ ပက်ထရီးယော့စနစ်ဟာ လေယာဉ်တွေအပြင် ခရုဇ်နဲ့ ပဲ့ထိန်းဒုံးကျည်တွေရန်ကနေ အကာအကွယ် ပေးနိုင်ပါတယ်။
ဇလန်းစကီးကလည်း မြေပြင်မှ ဝေဟင်ပစ် ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ် ထောက်ပံ့ပေးမယ့် အမေရိကန်ရဲ့ ကတိကဝတ်ဟာ ယူကရိန်းအတွက် ထိရောက်မှုရှိတဲ့ လေကြောင်းအကာအကွယ် တည်ဆောက်ရာမှာ အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မှတ်ချက်ပြုပါတယ်။
ရုရှားဘက်ကတော့ အမေရိကန်က ယူကရိန်းအပေါ် ထောက်ပံ့ပေးမယ့် ဒီအစီအစဉ်ဟာ ရန်စမှုတရပ်လို့လည်း ဆိုပါတယ်။
ဒီ ပက်ထရီးယော့ လေကြောင်းကာကွယ်ရေးစနစ်ကို ယူကရိန်းဆီ ပို့ဆောင်ခဲ့မယ်ဆိုရင် ဒါဟာ ရုရှားအတွက် တရားဝင်ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့ ကရင်မလင်နန်းတော်က တုံ့ပြန်ခဲ့ပါတယ်။
ဒီထောက်ပံ့ရေးအစီအစဉ်မှာ အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့ အမြောက်ဒုံးကျည်စနစ် (HIMARS) အတွက် ခဲယမ်းမီးကျောက် အပါအဝင် အတိအကျ လမ်းညွှန်ပစ်ခတ်နိုင်တဲ့ အမြောက်ကျည်တွေနဲ့အတူ တိကျမှုရှိတဲ့ ဝေဟင်ပစ်လက်နက်တွေလည်း ပါဝင်မယ်လို့ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှု စတင်ကတည်းက အမေရိကန်နိုင်ငံအနေနဲ့ ဒေါ်လာ ၂၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေကို ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။