မက်ဆီနှင့်ပြဿနာဖြစ်ခဲ့သော်လည်း လေးစားမှုရှိကြောင်း ဟော်လန်တိုက်စစ်မှူး ဘက်ဂ်ဟော့စ် ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီနဲ့ ပြဿနာဖြစ်ခဲ့ပေမယ့် မက်ဆီအပေါ် လေးစားမှုအများကြီးရှိကြောင်း ဟော်လန်တိုက်စစ်မှူး ဘက်ဂ်ဟော့စ်ကပြောပါတယ်။
တိုက်စစ်မှူးဘက်ဂ်ဟော့စ်ဟာ အာဂျင်တီးနားနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချေပဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ပွဲချိန်အတွင်းမှာ မက်ဆီနဲ့ စကားအချေအတင်ဖြစ်ခဲ့ပြီးပွဲအပြီးမှာလည်း ပြဿနာဖြစ်ခဲ့ပါသေးတယ်။
“ မက်ဆီနဲ့ ကျနော့်ကြားမှာ ခိုက်ရန်ဖြစ်ပွားမှုလေးတွေရှိခဲ့တာမှန်ပါတယ်။ ကျနော့်ဘက်က ပြန်ပြောတာကို သူကကြိုက်ပုံမရဘဲ အံ့အားသင့်သွားပုံပါပဲ။ ဒါပေမဲ့ သူ့အပေါ်လေးစားမှုအများကြီးထားပါတယ်။ သူကသမိုင်းတစ်လျှောက် အခမ်းနားဆုံး ကစားသမားတွေထဲကတစ်ဦးပဲလေ။ ပွဲအပြီးမှာ ကျနော့်ဘက်က လေးစားမှုပြချင်ခဲ့ပေမဲ့ သူက လက်မခံချင်ခဲ့တာပါ”လို့ ဘက်ဂ်ဟော့စ်က ပြောပါတယ်။
မက်ဆီဟာ ပွဲအပြီး အင်တာဗျူးပြုလုပ်နေချိန်မှာ ဘက်ဂ်ဟော့စ်ဘက်ကိုလှည့်ပြီး “ ထွက်သွားလိုက်တော့အရူး” လို့ ပြောခဲ့တယ်လို့လည်း သတင်းထွက်နေပါတယ်။
မက်ဆီဘက်ကတော့ ဟော်လန်အသင်းသားတွေနဲ့ နည်းပြဗန်ဟားလ်ဟာ သူ့အပေါ် လေးစားမှုကင်းမဲ့ခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။