ပါရာဂွေးအစိုးရရှေ့နေ အသတ်ခံရမှု ဗင်နီဇွဲလားနိုင်ငံသား ၁ ဦးကို ဖမ်းဆီး

ပါရာဂွေးအစိုးရရှေ့နေ မာဆဲလို ပက်ချီ အသတ်ခံရမှုမှာ ပါဝင်ပတ်သက်နေတဲ့ ဗင်နီဇွဲလား နိုင်ငံသားတဦးကို ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက ကာရာကတ်စ်မှာ ထိန်းသိမ်းထားကြောင်း ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် ရှေ့နေ ပက်ချီဟာ ဇနီးဖြစ်သူနဲ့ ဟန်းနီးမွန်းခရီးထွက်နေချိန် မေလက ကာရေဘီယံမြို့ ကာတာဟရ်နာအနီး ဘာရူကျွန်းမှာ ပစ်သတ်ခံခဲ့ရတာပါ။
အရင်က အပြာရောင်သတိပေးချက် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဗင်နီဇွဲလားနိုင်ငံသား ဂါဘရီယလ် လူးဝစ္စ ဆာလီနာ မန်ဒိုဇာကို အင်တာပိုလ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကိုလံဘီယာရဲတပ်ဖွဲ့က ပြောပါတယ်။
ကိုလံဘီယာရဲတွေနဲ့ အထွေထွေရှေ့နေရုံးတို့က စုံစမ်းစစ်ဆေးမှုတွေအရ မန်ဒိုဇာဟာ ပက်ချီကို သတ်ဖြတ်မှုထဲမှာ ပါဝင်ကျူးလွန်သူတွေထဲက တယောက်ဖြစ်ကြောင်း ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဟန်နရီ ဆာနာဘရီယာက ပြောပါတယ်။
မန်ဒိုဇာဟာ ပက်ချီအား ပစ်သတ်ခဲ့သူကို သယ်ယူပို့ဆောင်ပေးခဲ့တာကြောင့် ပူးတွဲကျူးလွန်သူအဖြစ် တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရကြောင်း ဆာနာဘရီယာက ဆိုပါတယ်။
ပါရာဂွေးမှာ ဂိုဏ်းဖွဲ့ကျူးလွန်ကြတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်သူအဖြစ် လူသိများတဲ့ ပက်ချီ အသတ်ခံရမှုအတွက် လူ ၅ ဦးကို ဖမ်းဆီးထားပါတယ်။