ရုရှားကို လက်နက်မထောက်ပံ့ဟု မြောက်ကိုရီးယားတုံ့ပြန်

ရုရှားကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးတယ်ဆိုတဲ့ ဂျပန်မီဒီယာရဲ့ သတင်းတွေဟာ အခြေအမြစ်မရှိဘူးလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။
ယူကရိန်းကို သေစေလောက်တဲ့လက်နက်တွေ ပေးအပ်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုကိုလည်း ရှုတ်ချကြောင်း မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင် သတင်းဌာန KCNA က ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာပါတယ်။
မြောက်ကိုရီးယားဟာ အမြောက်ကျည်တွေ အပါအဝင် ခဲယမ်းမီးကျောက်တွေကို ပြီးခဲ့တဲ့လက သူတို့ရဲ့နယ်စပ်ကတဆင့် ရုရှားနိုင်ငံကို ရထားနဲ့ တင်ပို့ခဲ့ပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်း ထပ်ပြီးတင်ပို့မယ်လို့ မျှော်လင့်ရကြောင်း ဂျပန်နိုင်ငံထုတ် တိုကျိုရှင်ဘွန်းသတင်းစာက အစောပိုင်းမှာ သတင်းရေးသားခဲ့တာပါ။
မြောက်ကိုရီးယားဟာ ယူကရိန်းရှိ ရုရှားတပ်ဖွဲ့တွေ အားကောင်းလာစေဖို့ ပုဂ္ဂလိက ရုရှားစစ်ဘက်ဆိုင်ရာကုမ္ပဏီ Wagner Group ကို လက်နက်ပေးပို့ခဲ့ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ Wagner အကြောင်းကို ဖော်ပြထားတာ မရှိပါဘူး။
မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ကြေညာချက်ထုတ်ပြန်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုကိုလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချခဲ့ပါတယ်။