close

ဇေကမ္ဘာဝင်းအတွင်း အုပ်စုဖွဲ့လုယက်သူများ ဖမ်းမိ၊ စစ်တပ်နှင့် ရဲဝန်ထမ်းဟောင်းများဖြစ်နေ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း အုပ်စုဖွဲ့လုယက်သူတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက် ည ၉ နာရီလောက်က  ဖမ်းဆီးမိခဲ့ရာမှာ တရားခံတွေဟာ စစ်မှုထမ်းဟောင်းနဲ့ ရဲဝန်ထမ်းဟောင်းတွေဖြစ်နေတယ်လို့ အုပ်ချုပ်ရေးအသိုက်အဝန်းကနေ သိရပါတယ်။

ဇေကမ္ဘာဝင်းအတွင်း နေ့စဥ်ဖုန်းနဲ့ဆိုင်ကယ်တွေကို စစ်တပ်ယူနီဖောင်း၊ ရဲယူနီဖောင်းတွေနဲ့ အုပ်စုလိုက်လုယက်မှု ကျူးလွန်နေသူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဇေကမ္ဘာဝင်းအတွင်းနေထိုင်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဇေကမ္ဘာဝင်းထဲက တိုင်းစစ်ဌာနချုပ်ကို တိုင်လို့ ဖမ်းတာ။ ဖမ်းလိုက်တော့ စစ်သားတစ်ယောက်နဲ့ ရဲငါးယောက်မိတယ် အဲ့ဒါကို အယောင်ဆောင်တွေဆိုပြီး လုပ်လိုက်တယ်။”

ဖမ်းဆီးရမိချိန်မှာ  ခြောက်ဦးအနက် တစ်ဦးက စစ်တပ်ယူနီဖောင်းဝတ်ဆင်ထားပြီး ငါးဦးမှာ ရဲယူနီဖောင်းဝတ်ဆင်ထားကြောင်းနဲ့ ရဲငါးယောက်ကို ရဲစခန်းသို့ ပို့လိုက်ကာ စစ်ကောင်စီတပ်သားတစ်ဦးကိုတော့ စစ်တပ်က ပြန်လည်ခေါ်ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"စစ်သားတယောက်ကို စစ်တပ်ကပြန်ခေါ်သွားတယ်။ ရဲငါးယောက်ကိုတော့ တက္ကစီပေါ်တင်ပြီး မင်္ဂလာဒုံရဲစခန်းကို လိုက်တယ်။”

လက်တလေလာ မင်္ဂလာဒုံ မြို့မရဲစခန်းမှာ ရဲဝန်ထမ်းဟောင်းငါးဦးကို  ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရွှေပြည်သာမြို့နယ်မှာ တက္ကစီယာဥ်တစ်စီးကို လုယက်ခဲ့သူတစ်ဦးကို  လှိုင်သာယာမြို့နယ်မှာ သေနတ်တွေနဲ့ ဖမ်းဆီးရမိခဲ့ရာ ရဲသတင်းပေးတစ်ဦး ဖြစ်နေတယ်လို့ လှိုင်သာယာမြို့ခံတွေဆီက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ လုယက်မှုနဲ့ ဓာပြတိုက်မှုတွေဖြစ်ခဲ့ပြီး  ပြစ်မှုကျူးလွန်သူတချို့ဟာ စစ်ကောင်စီသတင်းပေးနဲ့ ရဲသတင်းပေးအချို့ဖြစ်တယ်လို့  သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် ဆန့်ကျင်သူတွေကိုလည်း ရဲစခန်းတွေမှာ ဖမ်းဆီးပြီး ငွေညှစ်တာ ပြည်သူတွေရဲ့ နေအိမ်၊ ကားတဲ့ တခြား ပိုင်ဆိုင်မှုတွေကို အဓမ္မသိမ်းဆည်းတာတွေလည်း ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up