close

မောင်တောတွင် ဖမ်းဆီးမှုကြောင့် ဒေသခံများတိမ်းရှောင်၊ မီးရှို့ခံရသည့်နေအိမ်များ ပြန်ဆောက်ရန် အကူအညီလို

ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်နားထားချိန် စစ်ကောင်စီက အေအေနဲ့ ဆက်နွှယ်သူတွေကို လိုက်လံ ဖမ်းဆီးနေတာကြောင့်  မောင်တောမြို့မှာ  ထွေအုပ်ဝန်ထမ်းနဲ့ ပညာရေးဝန်ထမ်းတွေအပါအဝင် ဒေသခံပြည်သူတွေဟာ ဖမ်းဆီးခံရမှာကို  ကြောက်လန့်ပြီး တိမ်းရှောင်နေ​ကြရ​တယ်လို့  မြို့ခံတွေက ပြောပါတယ်။

မောင်တောမြို့ပေါ်ရပ်ကွက် ၆ ခုမှာ အေအေ ရက္ခိုင့်တပ်တော်နဲ့ ဆက်နွှယ်မှုနဲ့ မတရားစွပ်စွဲထားရသူ အယောက်  ၁၀၀ ​ကျော်ကို မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး က ဖမ်းဆီးဖို့  ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စေခိုင်းထားတာကြောင့် ဒေသခံတွေ ဖမ်းဆီးခံရမှာ စိုးရိမ်နေကြတာပါ။

မောင်တောဒေသခံတစ်ဦးက "မောင်တောက တိမ်းရှောင်နေကြရတဲ့ ပြည်သူ အတော်များများရှိတယ်ဗျ။ ဝန်ထမ်းဆိုရင်တော့  ထွေအုပ်က နှစ်ဦး ပညာရေးဌာနက နှစ်ဦးလို့သိရပါတယ်။"လို့ ပြောပါတယ်။

မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတဦးကို  ပြီးခဲ့တဲ့ နိုဝင်ဘာ၂၆ ရက်တုန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ခရိုင်ရဲမှူးကြီးကိုယ်တိုင် ဖမ်းဆီးသွားခဲ့သလို မြို့ထဲရှိ လူနေအိမ်တချို့ကိုလည်း ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

အခုဖမ်းဆီးမယ့် စာရင်းမှာပါဝင်နေတဲ့ အရပ်သားတွေသာမက ဌာနဆိုင်ရာဝန်ထမ်းတွေပါ တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ဝန်ထမ်းတစ်ဦးက "ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက မောင်တော မြို့နယ်က ဝန်ထမ်းတွေကို အစည်းအဝေးခေါ်ပြီးပြောတာရှိတယ်ဗျ။ ထွက်ပြေးတဲ့သူတွေဟာ အပြစ်ရှိလို့ ထွက်ပြေး တာဖြစ်တယ်။ ဘာမှအပြစ်မရှိရင် အစစ်ဆေးခံကြပါလို့ ပြောတာရှိတယ်” လို့ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ အပစ်အခတ် ရပ်ထားချိန်မှာ ရခိုင်ပြည်နယ် မြို့နယ်များအားလုံးမှာ ရက္ခိုင်တပ်တော်  အေအေနဲ့ ဆက်စပ်သူတွေ၊ ထောက်ပံ့ပေးသူတွေကို စစ်ကောင်စီက စုံစမ်းဖော်ထုတ် ဖမ်းဆီးနေသလို ရိက္ခာနဲ့ တပ်အင်အားတွေလည်း ဖြည့်ဆည်းနေတယ်လို့  ရခိုင်နိုင်ငံရေးလေ့လာသူတွေထံက သိရပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ဝက်ကျိန်းကျေးရွာမှာတော့ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် ၇ လုံးကို ဒီနေ့အထိ ပြန်မဆောက်နိုင်သေးတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

နေအိမ် မီးလောင်သွားတဲ့ ဦးအာဒွေက “နေအိမ်တွေ ပြန်ဆောက်ဖို့ သစ်တွေ၊ ဝါးတွေ ခုတ်ဖို့ တောထဲ မသွားဝံ့ကြသေးပါဘူး။ မိုင်းအန္တရာယ် များပါတယ်။ ဟိုတနေ့ကလည်း လူငယ်တဦး ရွာနားမှာ မိုင်းနင်းမိပြီး ခြေချင်းဝတ်ပြတ်သွားတယ်။ မနေ့ကလည်း ဝက်မတကောင် မိုင်းနင်းမိပြီး သေသွားတယ်။ အဲဒါကြောင့် နေအိမ်တွေ ပြန်မဆောက်နိုင်ကြသေးပါဘူး။ စပါးရိတ်သိမ်းချိန်မှာ မရိတ်သိမ်းနိုင်လိုက်တော့ ထက်ဝက်လောက် ပျက်စီးသွားကြတယ်။ အကူအညီလေးတွေရရင်တော့ ပြန်ဆောက်နိုင်မှာပါ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်က ဝက်ကျိန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ရွာသားတွေ ထွက်ပြေးနေချိန်မှာ စစ်ကောင်စီတပ်က ကျေးရွာရှိ လူနေအိမ် ၇ လုံးကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

မီးရှို့ခံခဲ့ရတဲ့ နေအိမ်တွေကတော့ ဒေါ်ခိုင်ကုတ်၊ ဦးအာဒွေ၊ ဦးရွေစုံ၊ ဦးမင်ပိုင်၊ ဦးမောင်ဝိုင်း၊ ဦးပန်းပျော်၊ ဦးထွေ့လိုင် တို့ရဲ့ နေအိမ်တွေဖြစ်ကြပြီး သွပ်မိုး၊ ပျဉ်စီပျဉ်ထောင် အိမ်တလုံး ပါဝင်ကာ ကျန်နေအိမ်တွေကတော့ သစ်၊ ဝါး၊ ဓနိမိုးအိမ်တွေ ဖြစ်တယ်လို့ အိမ်ပိုင်ရှင်တွေဆီက သိရပါတယ်။

အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးသွားခဲ့ကြတဲ့ ဝက်ကျိန်းကျေးရွာ ဒေသခံမိသားစုတွေတချို့ ပြန်လည်ရောက်ရှိနေပြီး တချို့ကတော့ ခုံတိုင်ကျေးရွာမှာ ခိုလှုံနေကြပါတယ်။

မီးလောင်သွားတဲ့ နေအိမ် ၇ လုံးက မိသားစု ၄ စုဟာ ဝက်ကျိန်းကျေးရွာကို ပြန်ရောက်ရှိလာပေမဲ့ နေအိမ်တွေ မရှိတော့တဲ့အတွက် ရွာသူရွာသားတွေဟာ လယ်တဲတွေမှာ နေထိုင်နေကြရတယ်လို့ ကျေးရွာလူကြီး ဦးသိန်းအောင်က ပြောပါတယ်။

“ရွာကမိသားစုတွေ တဝက်လောက် ပြန်ရောက်ကြပါပြီ။ ကျန်တဝက်က ခုံတိုင်ရွာမှာ ခိုလှုံနေထိုင်နေကြတယ်။ ပြန်ရောက်လာသူတွေထဲမှာ နေအိမ်မီးလောင်သွားတဲ့ မိသားစု ၄ စုကတော့ ရွာသားတွေရဲ့ လယ်တဲတွေမှာ ခိုလှုံနေကြတယ်။”

ဝက်ကျိန်း မြိုကျေးရွာမှာ အိမ်ခြေ ၇၀ လောက်ရှိပြီး အကူအညီပေးလိုသူတွေအနေနဲ့ ဝက်ကျိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်း (ဖုန်း - ၀၉၄၅၃၇၄၂၀၄၇) ကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up