နှင်းမုန်တိုင်းကြောင့် နယူးယောက်ပြည်နယ်တွင် လူ ၁၂ ဦး သေဆုံး

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်အတွင်း ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က နှင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ တရက်အတွင်း လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။
အမေရိကန်နိုင်ငံကို ဖြတ်သွားတဲ့ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် တိုးလာခဲ့တာဖြစ်ပြီး လမ်းတွေပေါ်က ကားတွေထဲမှာ လူတွေ ပိတ်မိနေခဲ့ပြီး လူနေအိမ်တွေမှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပါတယ်။
မုန်တိုင်းက ပြင်းထန်ပြီး သေဆုံးသူဦးရေ တိုးလာနေလို့ နယူးယောက်ပြည်နယ်ဟာ သဘာဝနဲ့ စစ်ပွဲ ဖြစ်နေတယ်လို့ အုပ်ချုပ်ရေးမှူး ကာသီဟိုချူးက ဒီဇင်ဘာ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။
နိုင်ငံတဝန်း မိုးလေဝသနဲ့ ဆက်နွှယ်တဲ့ အဖြစ်အပျက်တွေကြောင့် ခုအချိန်အထိ လူ ၂၈ ဦး သေဆုံးခဲ့တယ်လို့ NBC သတင်းဌာနရဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။ CNN သတင်းဌာနကတော့ စုစုပေါင်း သေဆုံးသူ ၂၆ ဦးရှိပြီလို့ ပြောပါတယ်။
တနင်္ဂနွေနေ့က ဆီးနှင်းတွေ စုစုပေါင်း ၄ ပေနီးပါး ကျဆင်းသွားခဲ့တဲ့ နယူးယောက် အနောက်ပိုင်း ဘတ်ဖဲလိုးဒေသမှာ သေဆုံးသူ ၇ ဦးရှိတယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ ဟိုချူးက ပြောပါတယ်။
ဘတ်ဖဲလိုး အပါအဝင် နယူးယောက်နဲ့ အီရီမြို့နယ်တွေမှာလည်း ဒီဇင်ဘာ ၂၃ ရက် ညပိုင်းကနေ စနေနေ့ မနက်အထိ ကားသမား ၅၀၀ လောက် သောင်တင်နေခဲ့ပြီး အမျိုးသားအစောင့်တပ်ဖွဲ့က ကယ်ဆယ်ရေးအတွက် အကူအညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘတ်ဖဲလိုးလေဆိပ်မှာ တနင်္ဂနွေနေ့ မနက် ၇ နာရီက နှင်းထု ၄၃ လက်မရှိတာ မှတ်တမ်းတင်ထားတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အမေရိကန်-မက္ကဆီကို နယ်စပ်မှာ လွန်ခဲ့တဲ့ သီတင်းပတ် နှောင်းပိုင်းက လူသန်းပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီးတဲ့နောက် မြောက်ပိုင်းလွင်ပြင်တွေမှာ အပူချိန် ရေခဲမှတ်အောက် ကျဆင်းခဲ့ပါတယ်။ အားကောင်းပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းဟာ တနင်္ဂနွေနေ့မှာ နိုင်ငံအရှေ့ဘက်ဆီ ရွေ့လျားလာခဲ့ပါတယ်။