close

စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ယနေ့ သဘောတူလက်မှတ်ထိုးမည်

စစ်ကောင်စီနဲ့  အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ နေပြည်တော်မှာ တတိယနေ့ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့ ဆက်လက် ကျင်းပသွားမှာဖြစ်ပြီး နှစ်ဖက် တူညီတဲ့ သဘောထားတွေကို သဘောတူညီချက်တွေအဖြစ် လက်မှတ်ရေးထိုးသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အန်စီအေအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီ ဩဇာခံ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ၃ ရက်ကြာ ဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

နေပြည်တော်မှာ သွားရောက်ဆွေးနွေးနေတဲ့ တိုင်းရင်းသား ၅ ဖွဲ့ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ နာယက ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒု ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA-(PC) ငြိမ်းချမ်းရေးကောင်စီမှ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ဒုဥက္ကဋ္ဌ ကျာဖူးတို့ ဖြစ်ပါတယ်။

နေပြည်တော် ရောက်နေတဲ့ အဖွဲ့ ၅ ဖွဲ့ ထဲမှာ  DKBA နဲ့  KNU/KNLA-(PC) အဖွဲ့တွေဟာ ကေအန်ယူကနေ ခွဲထွက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဩဇာခံအဖွဲ့တွေဖြစ်ပြီး ကျန်တိုင်းရင်းသား ၃ ဖွဲ့ဟာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်တာမရှိသလို အင်အားလည်းမရှိတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ 

PPST အဖွဲ့ထဲမှာလည်း သဘောထားကွဲလွဲမှုတွေရှိနေပြီး အန်စီအေ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေထဲက အင်အားကြီးအဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တပ်မတော်- ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ( SSA-RCSS) အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ (NMSP )တို့ ကတော့ ဒီတကြိမ်ဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိပါဘူး။ 

စစ်ကောင်စီဘက်ကတော့ အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ဗိုလ်မှူးကြီး ဝဏ္ဏအောင် စသူတွေ တက်ရောက်ပါတယ်။

၃ ရက်ကြာဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးပြီး ဘာတွေ  သဘောတူညီချက် လက်မှတ်ရေးထိုးမယ် ဆိုတာတော့ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up