close

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားထောင်သို့ ပို့ဆောင်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အာဏာသိမ်း စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တရားစွဲဆို ရမန်ရယူပြီး မြစ်ကြီးအကျဥ်းထောင်ကို ပြောင်းရွှေ့ထားပြီဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

“သိရသလောက် ၂၈ ရက်နေ့က ရမန်ယူပြီး မြစ်ကြီးနားထောင်ကြီးကို ပို့လိုက်ပြီပြောတယ်။ ရမန်ယူတာတောင်  Viber နဲ့ပဲလုပ်ပြီး ၁၇(၁) နဲ့ အမှုဖွင့်ထားတာလို့ သိထားတယ်။”

အခုလို ဒေါက်တာခလမ်ဆမ်ဆွန်ကို အမှုဖွင့် တရားစွဲပြီး မြစ်ကြီးနားထောင် ပို့ဆောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ အသိပေးလာတာမရှိဘဲ မိသားစုဝင်တွေက သီးခြားစုံစမ်းသိရှိရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားထောင်ကို ပြောင်းရွှေ့ထားပြီဖြစ်တဲ့အတွက် မိသားစုဝင်တွေ သွားရောက်တွေ့ဆုံခဲ့ပေမဲ့ တွေ့ဆုံခွင့်မပေးဘဲ ပစ္စည်းထုပ်သာ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဆရာ့အမျိုးသမီးက မြစ်ကြီးနားထောင်ထဲ ရောက်နေပြီဆိုလို့ သွားတွေ့ခဲ့တာ။ လူတွေ့ခွင့်မရခဲ့ဘူး။ ပစ္စည်းတွေပဲ ပေးခွင့်ရခဲ့တယ်။ ဆရာဘယ်လိုအခြေအနေ ရှိနေပြီ ဆိုတာတောင် မသိရဘူး။ မိသားစုတွေက ဆရာ့ကျန်းမာရေးအတွက် စိုးရိမ်နေကြတယ်။ ဆရာက သွေးတိုးရောဂါနဲ့ ရင်ကျပ်လည်ပြွန်ရောင်လို့ ဆေးအမြဲသောက်နေရတာ။”

ဖမ်းဆီးခံရပြီးနောက် ရက်ပေါင်း ၂၅ ရက် ကြာရှိနေပြီဖြစ်ပေမဲ့ စစ်ကောင်စီဟာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မိသားစုဝင်တွေနဲ့ တွေ့ဆုံဆက်သွယ်ခွင့်မပေးဘဲ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက အမှုဖွင့်လိုက်တဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဟာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်ခံရနိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားရဲစခန်းက (ပ) ၂၀၀/၂၀၂၂ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(က) အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတာ မှန်တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၅ ရက်က ဘန်ကောက်မြို့ကို ဆေးကုဖို့သွားစဉ် မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြန်လွတ်ပေးခဲ့ပြီးနောက် ညနေပိုင်းက မြစ်ကြီးနားလေဆိပ်မှာ ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပြီး ဆရာတော်ရဲ့ ကျန်းမာရေးအတွက်လည်း အလွန်စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံစဉ် ဒေါက်တာ ခလမ်ဆမ်ဆွန်က စစ်တပ်ရဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး တင်ပြပြောဆိုခဲ့တဲ့အပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးသန်းထိုက်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နှုတ်မိန့်နဲ့ အမှုကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up