ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ အာဖဂန် သွားမည်

ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ မာတင် ဂရစ်ဖှစ်သ်ဟာ လာမယ့် သီတင်းပတ်တွေ အတွင်း အာဖဂန်နစ္စတန်ကို သွားရောက်မှာဖြစ်ပြီး အာဖဂန်နစ္စတန်မှာ လူမှုကူညီရေး အမျိုးသမီး လုပ်သားတွေကို တားမြစ်ပြီးနောက်မှာ တာလီဘန် ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ကြိုးပမ်းသွားမယ်လို့ ကုလသမဂ္ဂ အကြီးတန်းအရာရှိ တဦးက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောပါတယ်။
တာလီဘန် ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့က အမျိုးသမီး အကူအညီပေးရေး လုပ်သားတွေကို ပိတ်ပင်လိုက်ကြောင်း ပြီးခဲ့တဲ့ စနေနေ့မှာ ကြေညာခဲ့တာကြောင့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ကြီး လေးဖွဲ့က အမျိုးသမီးဝန်ထမ်းတွေ မပါဘဲ သူတို့ရဲ့ အစီအစဉ်တွေကို မလုပ်ဆောင်နိုင်ခြင်းကြောင့် လုပ်ငန်းတွေကို ရပ်ဆိုင်းထားကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ တခြားသူတွေလည်း လုပ်ငန်းတွေ လိုက်ရပ်ဆိုင်းလာခဲ့ကြပါတယ်။
“ဒီဆုံးဖြတ်ချက်ရဲ့ သက်ရောက်မှုက ကျနော်တို့ရဲ့ အစီအစဉ်တွေအပေါ် သက်ရောက်မှု ရှိနေပြီဆိုတာ တွေ့ရလို့ စိတ်မကောင်းပါဘူး” လို့ အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး ညှိနှိုင်းရေးမှူး ရာမစ်ဇ် အလက်ခ်ဘာရို့ဗ်က နယူးယောက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အကြမ်းဖျင်းအားဖြင့် ကယ်ဆယ်ရေးလုပ်သားတွေရဲ့ ၃၀ ရာခိုင်နှုန်းမှာ အမျိုးသမီးတွေဖြစ်ပြီး အမျိုးသားတွေနဲ့ အစားထိုးမှာ မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။
အာဖဂန်လူမျိုး ၉၇ ရာခိုင်နှုန်းဟာ ဆင်းရဲတွင်းနက်နေပြီး လူဦးရေရဲ့ ၃ ပုံ ၂ ပုံဟာ အသက်ရှင်ရပ်တည်ရေးအတွက် အကူအညီတွေ လိုအပ်နေပြီးတော့ သန်း ၂၀ ကလည်း အပြင်းအထန် ငတ်မွတ်မှုနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
အလက်ဘာရို့ဗ်က “ကုလသမဂ္ဂ အရာရှိတွေဟာ အကူအညီပေးရေး အစီအစဉ်တွေအပေါ် အကျိုးသက်ရောက်မှုတွေကို ဆွေးနွေးဖို့ ဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံနေကြောင်းနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် အမျိုးသမီး ကူညီရေးလုပ်သားတွေက ဝန်ဆောင်မှုပေးနိုင်မယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်တာမှာတော့ အတော်လေး အပြုသဘောဆောင်ပါတယ်” လို့ ပြောပါတယ်။
တာလီဘန် ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆွေးနွေးရာမှာ ဖိအားတွေအစား တွေ့ဆုံ ဆွေးနွေးရေးမှာ ပိုကောင်းတဲ့ တုံ့ပြန်မှုကြောင့် တားမြစ်ချက်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစားသွားမယ်လို့ သူက ဆိုပါတယ်။
တာလီဘန်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က အမျိုးသမီးတွေကို တက္ကသိုလ်တွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး မတ်လတုန်းကလည်း မိန်းကလေးတွေကို အထက်တန်းကျောင်းတက်ခြင်းကို ရပ်တန့်ခိုင်းခဲ့ပါတယ်။
တာလီဘန်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က အာဏာရခဲ့ချိန်မှာလည်း မိန်းကလေးတွေရဲ့ ပညာရေးကို အကြီးအကျယ် ပိတ်ပင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက တခါ အာဏာပြန်သိမ်းခဲ့ပေမယ့် သူတို့ရဲ့ မူဝါဒတွေ ပြောင်းလဲသွားခဲ့တယ်လို့ ဆိုထားပါတယ်။ တာလီဘန် ဦးဆောင်တဲ့ အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်မပြုထားပါဘူး။