close

ပလမြို့နယ် ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့နယ်ရှိ တိုရွာနဲ့ တန်းရှင်းရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၅ နာရီလောက် ပလမြို့မှထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် မနက် ၁၀ နာရီလောက်မှာ ပလမြို့အနီးရှိ တိုရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနက်စောစောကတည်းက လက်နက်ကြီးသံတွေ၊ သေနတ်သံတွေ ကြားနေရတယ်။ ၁၀ နာရီဝန်းကျင်လောက်မှာ စစ်သားတွေ ရွာထဲဝင်လာပြီးတော့ မီးဝင်ရှို့တာ။ ရွာထဲက လူ ၁၀  ဦးလောက်ကိုလည်း ဖမ်းသွားတယ်၊ အခုရွာက လူတွေ အကုန်ထွက်ပြေးနေရတယ်။" 

စစ်ကောင်စီတပ်က တိုကျေးရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးနောက် အနီးရှိ တန်းရှင်းရွာ ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ နေအိမ်တွေအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တန်းရှင်းရွာခံတဦးက ပြောပါတယ်။

"တိုရွာမှာမီးရှို့ပြီးတော့ အခု တန်းရှင်းရွာဘက်ကိုလာပြီးတော့ အိမ်တွေကို မီးလာရှို့နေပြန်ပြီ။ လက်နက်ကြီးလည်းရွာနားမှာ လာကျတယ်၊ ရွာကလူတွေလည်း ထွက်ပြေးနေရပြီ။"

ဒေသခံတွေ ထွက်ပြေးနေရတာကြောင့် နေအိမ်ဘယ်နှလုံး မီးလောင်ဆုံးရှုံးတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

တိုကျေးရွာနဲ့ တန်းရှင်းရွာဟာ ယခင်ကလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့တာကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့သလို ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးတယ်လို သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသည်ယာဉ်တွေ ပလမြို့နယ် တိုရွာနဲ့ ထန်းရှင်းရွာတွေဘက် ဖြတ်သန်းသွားလာလို့ မရဘဲ ရပ်နားထားရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up