အာရှတွင်အတွေ့အကြုံဝေမျှပေးရန် အချိန်ကောင်းဖြစ်ကြောင်း ရော်နယ်ဒို ပြော

အာရှတိုက်မှာ ကစားသမားဘဝရဲ့အတွေ့အကြုံတွေကို ဝေမျှပေးဖို့ အကောင်းဆုံးအချိန်ဖြစ်ကြောင်း စီရော်နယ်ဒိုကပြောပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၇၇သန်း ရရှိမယ်လို့ဆိုပါတယ်။
အသင်းနဲ့အတူစာချုပ်ချုပ်ဆိုအပြီးမှာတော့ အာရှတိုက်မှာ မတူညီတဲ့ လိဂ်ပြိုင်ပွဲ၊ မတူညီတဲ့ နိုင်ငံမှာ အတွေ့အကြုံတွေဝေမျှဖို့ စိတ်အားထက်သန်နေတယ်လို့ ရော်နယ်ဒိုကပြောပါတယ်။
“ကျနော့်အနေနဲ့ ဥရောပဘောလုံးလောကမှာ အရာအားလုံးရ ယူနိုင်ခဲ့တာက ကံကောင်းခဲ့ပါတယ်။ ဒီအချိန်မှာတော့ အာရှတိုက်မှာ ကျနော့်ရဲ့ အတွေ့အကြုံတွေကိုဝေမျှဖို့ အကောင်းဆုံးအချိန်လို့ ခံစားရပါတယ်”လို့ ရော်နယ်ဒိုကပြောပါတယ်။
အယ်လ်နာဆာအသင်းဘက်ကတော့ ရော်နယ်ဒိုကိုခေါ်ယူနိုင်ခဲ့တာက သမိုင်းဝင်အောင်မြင်မှုဖြစ်ပြီး အနာဂတ်မျိုးဆက်သစ်တွေအပြင် နိုင်ငံနဲ့လိဂ်အတွက် စံပြဖြစ်စေလိမ့်မယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်။