ဘရားဇီးလ်သမ္မတဟောင်း ဘော်ဆိုနာရို အမေရိကန်ကို ရောက်ရှိ

ဘရားဇီးလ်နိုင်ငံကနေ ထွက်ခွာသွားတဲ့ သမ္မတ ဂျိုင်ရ်ဘော်ဆိုနာရိုဟာ ဒီဇင်ဘာ ၃၀ ရက်က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ကို ရောက်ရှိလာပါတယ်။
ဒါဟာ သဘောထားတင်းမာတဲ့ လက်ဝဲယိမ်း ပြိုင်ဘက်ဖြစ်သူ လူးဝဇ်အီနာစီယို လူလာ ဒါဆေးလ်ဗားက သမ္မတရာထူးရယူမယ့် ကျမ်းသစ္စာကျိန်ဆိုမှု မတိုင်ခင် ၂ ရက်အလိုမှာပဲ ဘော်ဆိုနာရိုက သူ့အပေါ် ထောက်ခံသူတွေကို မျက်ရည်တွေနဲ့ သတင်းစကား ပါးခဲ့ပြီးနောက် အမေရိကန်ကို ရောက်ရှိလာတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ နှောင်းပိုင်းမှာ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့ကို ဘရားဇီးလ်လေယာဉ်တစ်စင်း တရားဝင် ရောက်ရှိလာတယ်လို့ လေကြောင်း ခြေရာခံဝက်ဆိုဒ် တခုဖြစ်တဲ့ FlightAware မှာ ဖော်ပြထားပါတယ်။
ဘော်ဆိုနာရိုရဲ့ ဦးတည်ရာလမ်းကြောင်းကို တရားဝင် အတည်မပြုရသေးပေမယ့် သူ့ရဲ့လုံခြုံရေး ဝန်ထမ်းတွေကတော့ ဖလော်ရီဒါပြည်နယ်မှာ ရောက်နေပြီ လို့ သိရပါတယ်။
လာမယ့်ဇန်နဝါရီ ၁ ရက်မှာ ဘရားဇီးလ်နိုင်ငံမှာ ပြုလုပ်မယ့် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဘော်ဆိုနာရိုက ဘရားဇီးလ် ဒီမိုကရေစီအစဉ်အလာအရ သမ္မတစလွယ်ကို လူလာဆီ လွှဲပြောင်း ပေးမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးနောက်မှာ နိုင်ငံကနေထွက်ခွာလာခဲ့တာပါ။
လူလာအနေနဲ့ သမ္မတအဖြစ် စတင်တာဝန်ယူလိုက်တာနဲ့ ဘော်ဆိုနာရိုရဲ့ ရာထူးအရ လွတ်ငြိမ်းချမ်းသာခွင့်ဟာလည်း သက်တမ်းကုန်ဆုံးမှာ ဖြစ်တာကြောင့် နိုင်ငံတွင်းမှာ ဆက်လက် နေထိုင်တဲ့အခါ တရားစွဲဆိုမှုအန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုအပေါ် ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။
ဘရားဇီးလ်မြို့တော် ဘရာစီလီယာရှိ အမေရိကန်သံရုံးကလည်း ဘော်ဆိုနာရိုရဲ့ ဘရာဇီးလ်သမ္မတရုံးကို သွားရောက်ခဲ့တာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရှောင်လွှဲခဲ့ပါတယ်။