ပုပ်ရဟန်းမင်းဟောင်း ဘန်နဒစ် ကွယ်လွန်

အသက် ၉၅ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နဒစ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ရိုမန်ကက်သလစ်ချာ့ခ်ျရဲ့ ပြောရေးဆိုခွင့်ရှိသူက ကြေညာလိုက်ပြီးနောက်မှာ ဒီဇင်ဘာ ၃၁ ရက်က ဗာတီကန်မှာ ခေါင်းလောင်းထိုးသံတွေ ထွက်ပေါ်လာပါတယ်။
“ပုပ်ရဟန်းမင်းကြီး ၁၆ ယောက်မြောက် ဘန်နဒစ်ဟာ ဗာတီကန်ရှိ မာတယ် အက်ကလက်စီယာ ဘုန်းတော်ကြီးကျောင်းမှာ ဒေသစံတော်ချိန် ၉ နာရီ ၃၄ မိနစ်က ကွယ်လွန်ခဲ့ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါကြောင်းနဲ့ နောက်ထပ် အချက်အလက်တွေကို တတ်နိုင်သမျှ အမြန်ဆုံးတင်ပြပါမည့်အကြောင်း”ပြောရေးဆိုခွင့်ရှိသူက ရေးသားဖော်ပြထားပါတယ်။
သူ့ရဲ့ ရုပ်အလောင်းကို စိန့်ပီတာ ဘုရားကျောင်းမှာ ဇန်နဝါရီ ၂ ရက်ကစပြီး ထားရှိမယ်လို့ ဗာတီကန်က ပြောပါတယ်။
အခု သီတင်းပတ်အစောပိုင်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့ရဲ့ ရှေ့မှာ ဆက်ခံသူ ပုပ် ဘန်နဒစ် အလွန်ဖျားနာနေကြောင်း အပတ်စဉ် တွေ့ဆုံပွဲရှိ အထွေထွေ ပရိတ်သတ်တွေဆီ ထုတ်ဖော် ပြောကြားခဲ့ပြီး သူ့အတွက် ဆုတောင်းပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။
ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နဒစ်ဟာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု အရှုပ်တော်ပုံတွေကြောင့် နာမည်ဆိုးတွေ ထွက်လာခဲ့တဲ့ ကက်သလစ်ဘုရားကျောင်းကို ချန်ထားခဲ့ပြီး နှစ်ပေါင်း ၆၀၀ အတွင်း ပုပ်ရဟန်းမင်းကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ပထမဆုံး ပုပ်ရဟန်းမင်း ဖြစ်လာခဲ့ပါတယ်။
နှစ်ပေါင်း ၁၀၀၀ အတွင်း ပထမဆုံး ဂျာမန်ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်ဟာ သူ့ကိုဆက်ခံသူ ပုပ် ဖရန်စစ်နဲ့ ဆက်ဆံရေးကောင်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ ရာထူးကနေ နုတ်ထွက်ပြီးနောက် ဗာတီကန်မှာ ဆက်ရှိနေမှုဟာ ဘုရားကျောင်းမှာ အတွေးအခေါ်ပိုင်းအရ ပိုမိုကွဲပြားစေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။