close

ဆန္ဒပြပွဲအတွင်း လူ ၂၀ ကျော် သေဆုံးမှု စုံစမ်းစစ်ဆေးမည်ဟု ပီရူးသမ္မတပြော

ပီရူးသမ္မတ ဒီနာ ဘိုလူအာတီက ဆန္ဒပြပွဲတွေအတွင်း နှစ်ဒါဇင်ကျော် သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့ အရင်းအမြစ် အားလုံးကို အစိုးရရှေ့နေရုံးဆီ ပံ့ပိုးပေးမယ်လို့ ပြောခဲ့ကြောင်း ဇန်နဝါရီ ၁ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  

ဆန္ဒပြပွဲတွေအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူ ၂၂ ဦးသေဆုံးခဲ့ပြီး ၆ ဦးကတော့ လမ်းများပိတ်ဆို့ထားတာကြောင့် ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးခဲ့တယ်လို့ အစိုးရအချက်အလက်တွေက ဆိုပါတယ်။ 

အောက်လွှတ်တော်ကို တရားမဝင် ဖျက်သိမ်းဖို့ ကြိုးပမ်းပြီးတဲ့နောက် နာရီပိုင်းအတွင်း လက်ဝဲဝါဒီ သမ္မတ ပေဒရို ကတ်စတီလို ဖြုတ်ချခံရပြီး ဘိုလူအာတီဟာ ခုလအစောပိုင်းမှာ သမ္မတရာထူးကို ထမ်းဆောင်ခဲ့ပါတယ်။ 

သူဟာ အရင်က ကတ်စတီလိုရဲ့ ဒုသမ္မတပါ။ ကတ်စတီလိုဟာ ပုန်ကန်မှု နဲ့ ပူးပေါင်းကြံစည်မှု စွဲချက်တွေနဲ့ စုံစမ်း စစ်ဆေးခံနေရပြီး တရားမ၀င် ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ 

သူ့ကိုရာထူးကနေ ဖယ်ရှားခံရတဲ့အတွက် ပီရူးမှာ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက် ခဲ့ပါတယ်။ ဒါကို တုန့်ပြန်တဲ့အနေနဲ့ ဘိုလူအာတီရဲ့ အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေကို အထူးအာဏာတွေနဲ့ စုဝေးခွင့်လိုမျိုး ကန့်သတ်လွတ်လပ်ခွင့်ပေးထားတဲ့ အရေးပေါ်အခြေအနေတရပ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ 

အာဏာပိုင်တွေက ဆန္ဒပြသူတွေကို သေနတ်တွေသုံးပြီး ရဟတ်ယာဉ်တွေက မီးခိုးဗုံးတွေ ပစ်ချခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားပါတယ်။ 

ဆန္ဒပြသူတွေဟာ လက်နက်တွေနဲ့ လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကို သုံးခဲ့တယ်လို့ ပီရူးစစ်တပ်က တုံ့ပြန် ပြောဆိုထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up