close

ဟင်္သာတမြို့တွင် စစ်ကောင်စီသတင်းပေးတဦး ပစ်ခတ်ရှင်းလင်းခံရ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဇန်နဝါရီ ၁ ရက်နေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီသတင်းပေး ကျော်လွင်ဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သဲကုန်းကြီးကျေးရွာနား ဟင်္သာတ - မြို့ကွင်း ကားလမ်းဘေးအတိုင်း စစ်ကောင်စီသတင်းပေး ကျော်လွင်ဆိုသူ ဆိုင်ကယ်မောင်းလာတဲ့အချိန် နောက်ကနေ သေနတ်နဲ့အနီးကပ် ၇ ချက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“သေနတ်နဲ့အနီးကပ်ကိုပစ်သွားတာလို့ပြောတယ်။ ၇ ချက်ပစ်သွားတာ၊ အဲ့နေရာမှာပဲသေသွားတယ်။ ရဲနဲ့ စစ်တပ်ကတော့ ထုံးစံအတိုင်း အလောင်းလာကောက်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ရောက်လာပြီး ပိတ်ဆို့ ရှာဖွေခဲ့သလို မြိုု့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း အရင်ကထက်ပိုပြီး စစ်ဆေးတင်းကြပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းတာခံခဲ့ရတဲ့ စစ်ကောင်စီသတင်းပေးကျော်လွင်ဟာ အမှုပွဲစားလုပ်သူဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ CDM ဝန်ထမ်းတွေကို သတင်းပေးဖမ်းဆီးခိုင်းတာကြောင့် ခုလိုမျိုး ပစ်ခတ် ရှင်းလင်းခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ သေချာမသိရသေးပေမယ့် ခုပစ်ခတ်မှု ဖြစ်စဉ်ဟာ ဧရာဝတီတိုင်းမှာ ၂၀၂၃ ခုနှစ်အတွက် ပထမဆုံး စစ်ကောင်စီနဲ့ထောက်တိုင်ကို ရှင်းလင်းတဲ့ မစ်ရှင် ဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up