close

တနင်္သာရီတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်‌လောကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဘန်လောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ၅၆၁ တပ်နဲ့ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁ ရက် ညနေက တိုက်ပွဲ ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိတယ်လို့ ဘက်မလိုက်အဖွဲ့ဝင်တဦးက ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကာ ဘက်မလိုက်ပြောက်ကျားဘက်က ၁ ဦး ကျဆုံးခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့ဘက်က စစ်ကြောင်းထိုးပြီးတက်လာတာ၊ အင်အားတော့များတယ်၊ တိုက်ပွဲ ၃ ကြိမ်ဆက်တိုက်ဖြစ်ပြီးတော့ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေတော့ ရှိတယ်။”

အဲဒီမတိုင်ခင် မနက် ၈ နာရီလောက်က တနင်္သာရီ ဗောဒီကမ်းတံတားမှာ ဂိတ်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်တာကြောင့် စစ်‌ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့‌ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက်ကစပြီး တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားတာကြောင့် အနီးနားရှိ ကျေးရွာတွေက ဒေသခံပြည်သူ ၁,၅၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျနော်တို့ ထွက်ပြေးရတာပေါ့။ ကျနော်တို့က နီးစပ်ရာကျေးရွာတွေမှာပဲ ရှောင်နေတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်း၊ ၆ မိုင်၊ ၅ မိုင်၊ ပျို့အိုင်၊ ဗောဓိကမ်း၊ ဘန်လော၊ ဖာနီ၊ လေးမိုင်၊ ရေခမ်းချောင်း၊ ဘန်းလမွတ်၊ ညောင်ပင်ကုန်းနဲ့ ရမ်းဖိုတို့ရွာမှ ဒေသခံပြည်သူ ၁,၅၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

“စစ်ရှောင်တွေက တချို့ကလည်း စစ်ရှောင်စခန်းတွေမှာ ရှောင်နေသလို တချို့ကလည်း နီးစပ်ရာကျေးရွာတွေမှာ ရှောင်နေတယ်။ စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်” လို့ ကူညီပေးသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ကဒဲလိပ်ကျေးရွာလမ်းပိုင်း၊ ဗောဓိကမ်းတံတားနဲ့ ဘန်လောကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၁ ဦးသေဆုံးတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up