မြောက်ကိုရီးယား နျူးကလီးယားလက်နက် အသုံးပြုပါက တုံ့ပြန်ရန် စီစဉ်နေဟု အမေရိကန်ပြော

မြောက်ကိုရီးယားက နျူးကလီးယားလက်နက်အသုံးပြုမှု အပါအဝင် အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ အမျိုးမျိုးအတွက် ပြန်လည်တုံ့ပြန်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားက စီစဉ်နေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရင်း ယွန်း ပီးယဲက ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကို ဖီဆန်တဲ့အနေနဲ့ အမေရိကန်အထိရောက်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည် အပါအဝင် မကြုံစဘူး ဒုံးကျည်အရေအတွက်ကို မနှစ်က စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားက နျူလက်နက်ပိုင်တဲ့နိုင်ငံ မဟုတ်သေးတဲ့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ နျူးကလီးယား စစ်ရေးလေ့ကျင့်ဖို့ မဆွေးနွေးနေဘူးလို့ ပြောခဲ့တယ်ဆိုတာ အင်မတန် ရှင်းရှင်းလင်းလင်း နားလည်စေချင်တယ်၊ ကမ္ဘောဒီးယားနိုင်ငံမှာ အစည်းအဝေး တက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းတို့ဟာ မြောက်ကိုရီးယားက နျူလက်နက်သုံးခဲ့ရင် ဆိုတဲ့အချက် အပါအဝင် အနာဂတ် ဖြစ်နိုင်ခြေမျိုးမျိုးကို ထိထိရောက်ရောက် ညှိုနှိုင်းတုံ့ပြန်ဖို့ စီစဉ်ရေးအဖွဲ့တွေကို တာဝန်ပေးခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရက ဆက်ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ တောင်ကိုရီးယားနဲ့ မဟာမိတ်ဖြစ်တည်မှုကို အပြည့်အဝ ကတိပြုထားပြီး အမေရိကန်ရဲ့ ကာကွယ်ရေးစွမ်းရည်အပြည့်နဲ့ တိုးချဲ့ တားဆီးနိုင်ဖို့ ပံ့ပိုးပေးနေတယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရက ဆိုပါတယ်။