close

အာဏာသိမ်း ၂ နှစ်နီးပါးအကြာ အကြမ်းဖက်စစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၇၀၀ ကျော် မြင့်တက်လာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၇၀၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၈၉၇ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၃၅၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၉၂၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၅၁၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ရွာ အနောက်တောင်ဘက်က တောင်ကုန်းပေါ်မှာ ထင်းခွေနေတဲ့ အသက် ၁၂ နှစ်အရွယ် ဧမူမူအောင်ဟာ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တဲ့ သံဃသမဂ္ဂ (မန္တလေး) မှ အရှင်အာစာရ (ခ) သပိတ်ခင်ကို အကြမ်းဖက်စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ  ဖမ်းဆီးသွားခဲ့ တယ်လို့ သိရပါတယ်။ အရှင်အာစာရဟာ မန္တလေးတောင်ခြေအနီးက ကျောက်တော်ကြီးဘုရားမှာ ဓာတ်ပုံကမ်ပိန်းပြုလုပ်နေချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို dete[email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up