close

ကိတ်ဗာဒီနိုင်ငံရှိ အမျိုးသားအားကစားကွင်းကို ပီလီကွင်းဟု ပြောင်းလဲခေါ်ဆိုမည်

အာဖရိကတိုက်က ကိတ်ဗာဒီနိုင်ငံရှိ အမျိုးသားအားကစားကွင်းကို ဂန္ထဝင်ကစားသမားကြီးပီလီကို ဂုဏ်ပြုတဲ့အနေနဲ့ ပီလီကွင်းလို့ အမည်ပြောင်းလဲခေါ်ဆိုသွားမှာဖြစ်ပါတယ်။

ဘရာဇီးဂန္ထဝင်ကစားသမားကြီးပီလီဟာ ပြီးခဲ့တဲ့လကကွယ်လွန်သွားခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပီလီကို ဂုဏ်ပြုတဲ့အနေနဲ့ ကွင်းအမည် ပေးချင်တယ်ဆိုရင် ခွင့်ပြုမှာဖြစ်ကြောင်း ဖီဖာဥက္ကဋ္ဌအက်ဖက်တီနိုက ပြောခဲ့ပါတယ်။

အဲဒီနောက် ကိတ်ဗာဒီနိုင်ငံက ပီလီကွင်းအဖြစ် အမည်ပြောင်းလဲဖို့ ပထမဆုံး ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။

ကိတ်ဗာတီနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ဟာ ယဉ်ကျေးမှုနဲ့ သမိုင်းအစဉ်အလာရှိပြီး ပေါ်တူဂီစကား ပြောဆိုကြတဲ့ နိုင်ငံတွေလည်းဖြစ်ကြောင်း၊ တခြားနိုင်ငံတွေဟာလည်း ပီလီကိုဂုဏ်ပြုတဲ့အနေနဲ့ ကွင်းအမည် ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ကိတ်ဗာဒီဝန်ကြီးချုပ် ဆေးလ်ဗားက ကြေညာခဲ့ ပါတယ်။

ကိတ်ဗာဒီနိုင်ငံဟာ အာဖရိကတိုက် အနောက်ဘက်ဆုံးမှာတည်ရှိတဲ့ ကျွန်းနိုင်ငံငယ်ဖြစ်ပြီး လူဦးရေ ၅၆၀,၀၀၀ ကျော်ပဲရှိပါတယ်။

မြို့တော် ပရာယာရဲ့အပြင်ဘက်မှာတည်ရှိတဲ့ ပရိသတ် ၁၅၀၀၀ ဆန့်တဲ့ အမျိုးသားအားကစားကွင်းကို ပီလီအားကစားကွင်းလို့ ပြောင်းလဲခေါ်ဆိုသွားမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up