ကမ္ဘာ့ဖလားချန်ပီယံ မက်ဆီကို ပီအက်စ်ဂျီက ကြိုဆိုဂုဏ်ပြုရာတွင် အမ်ဘာပေ ရောက်မလာနိုင်

ကမ္ဘာ့ဖလားချန်ပီယံ မက်ဆီရဲ့ ပြန်အလာကို ပီအက်စ်ဂျီအသင်းသားတွေက ကြိုဆိုဂုဏ်ပြုခဲ့ရာမှာ အသင်းဖော် အမ်ဘာပေ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီး နှစ်ပတ်လောက် အနားယူခဲ့ရာက ဇန်နဝါရီ ၄ ရက်မှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့တာပါ။
မက်ဆီ ပြန်ရောက်လာတာကို ပီအက်စ်ဂျီအသင်း ဝန်ထမ်းတွေနဲ့ ကစားသမားတွေ အားလုံးက ကွင်းအတွင်းမှာ ကြိုဆိုဂုဏ်ပြုခဲ့ပြီး ဂုဏ်ပြုဆုတံဆိပ်တခုလည်း ပေးအပ်ခဲ့ပါတယ်။
အဲဒီလိုဂုဏ်ပြုရာမှာ ဘရာဇီးတိုက်စစ်မှူး နေမာ ပါဝင်ခဲ့ပေမဲ့ အမ်ဘာပေနဲ့ ဟာကီမီတို့ နှစ်ဦးကတော့ အားလပ်ရက် ခွင့်ရထားတာကြောင့် ရောက်မလာနိုင်ခဲ့တာပါ။
အမ်ဘာပေဟာ မက်ဆီနဲ့ ဗိုလ်လုပွဲမှာ ပြိုင်ဘက်အနေနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာပါ။
မက်ဆီဟာ ပီအက်စ်ဂျီနဲ့ နောက်ထပ်တနှစ် သက်တမ်းတိုးသွားဖို့လည်း စီစဉ်ထားပါတယ်။