ELN သူပုန်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ကိုလံဘီယာအစိုးရ ရုပ်သိမ်း

ကိုလံဘီယာအစိုးရဟာ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) သူပုန်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီ ၄ ရက်မှာ ရုပ်သိမ်းလိုက်ပါတယ်။
တိုက်ပွဲရပ်စဲဖို့ သဘောတူညီချက် မရသေးဘူးလို့ လက်ဝဲယိမ်း ပြောက်ကျားအဖွဲ့က ပြောအပြီးမှာ အပစ်အခတ်ရပ်စဲရေးကို ရုပ်သိမ်းခဲ့တာပါ။ ကနဦးကြေညာချက်အပြီး လေးရက်အကြာမှာ ခုလို ပြောင်းပြန်လှန်လိုက်တာပါ။
လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးခဲ့တဲ့ နှစ်ပေါင်း ၆၀ နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းမှုဆောင်ကြဉ်းရေး သမ္မတ ဂုစတာဗို ပေထရိုရဲ့ ကြိုးပမ်းချက် ဆုတ်ယုတ်မှုတရပ် ဖြစ်ခဲ့ပါတယ်။
သူပုန်ဟောင်းတဦးဖြစ်တဲ့ ပေထရိုက နှစ်သစ်ကူးအကြိုနေ့နှောင်းပိုင်းမှာ ကလန်ဒေ ဂေါ့ဖှိုလို ရာဇဝတ်ဂိုဏ်းတွေနဲ့ အခုအခါ FARC ဖှားသူပုန်အဖွဲ့ဝင်ဟောင်းတွေ ဦးဆောင်တဲ့ အတိုက်အခံအဖွဲ့တွေအတွက်ပါ အကျုံးဝင်တဲ့ ခြောက်လကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ခုအပတ်မှာ အပစ်အခတ်ရပ်စဲရေးဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဆက်ဆွေးနွေးရမယ့် အဆိုပြုချက်ဖြစ်ပြီး အသက်မဝင်သေးဘူးလို့ ELN က ပြောခဲ့ပါတယ်။
ELN ဟာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးရဲ့ အရေးပါမှုကို အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အယ်လ်ဖွန်ဆို ပရာဒါက သတင်းစာရှင်းလင်းပွဲတခုမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သူပုန်တွေက သူတို့ရဲ့ တဖက်သတ် ခရစ္စမတ်အပစ်အခတ်ရပ်စဲရေးကို အပြန်အလှန်အားထုတ်မှုနဲ့ တုံ့ပြန်ဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။